Top News

အကယ်ဒမီ ဝတ်မှုန်ရွှေရည်နှင့် တွေ့ဆုံခြင်း
24htopnews | August 26, 2024 10:12 AM CST

ချစ်စရာကောင်းတဲ့ မင်းသမီးတစ်လက်အဖြစ် ပရိသတ်ရဲ့ ချစ်ခင်မှုကို စတင်ရရှိခဲ့ပြီး သူရဲ့ကြိုးစားမှုနဲ့ အနုပညာ အရည်အသွေးတွေကိုပါ ပရိသတ်တွေ စိတ်ကျေနပ်အောင်ပေးစွမ်းနိုင်တဲ့ အနုပညာရှင်တစ်ဦးကတော့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်ပါ။ သူအဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ‘ရန်သူ’ ဇာတ်ကားကြီးကို ဒီဇင်ဘာ ၁၄ ရက်ကစပြီး မြန်မာနိုင်ငံတစ်ဝန်းမှာ ရုံတင်ပြသတော့မှာဖြစ်သလို အဲဒီဇာတ်ကားမှာ Tomboy တစ်ယောက်လို သရုပ်ဆောင်ထားတဲ့ ဝတ်မှုန်ရွှေရည်နဲ့ တွေ့ဆုံခိုက် ဇာတ်ကားအတွက် ကြိုးစားထားမှုတွေနဲ့ သူရဲ့အနုပညာ ခြေလှမ်းတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး- ‘ရန်သူ’ ဇာတ်ကားမှာ ပါဝင်ခဲ့ရတဲ့ Tomboy ဇာတ်ကောင် ပီပြင်တယ်နော်။ အဲဒီအတွက် ဘယ်လိုတွေ လေ့လာပြင်ဆင်ဖြစ်ခဲ့လဲ

ဖြေ- ‘ရန်သူ’ ဇာတ်ကားမရိုက်ခင်မှာ Tomboy တွေရဲ့ နေထိုင်ပြောဆို ပြုမူတာတွေကို သေချာလိုက်လေ့လာတယ်။ သူတို့ ဘယ်လိုတွေ ဝတ်လဲ၊ ဘယ်လိုတွေ ပြောလဲဆိုတာကို အဲဒီဇာတ်ကား မရိုက်ခင်မှာ အပြင်က တကယ့် Tomboy တွေနဲ့ စကားပြောဖြစ်တယ်။ အတူ သွားလာဖြစ်တယ်။ သူတို့ရဲ့ စကားပြောပုံတွေ၊ လေယူလေသိမ်းတွေကအစ လေ့လာတယ်။ ဒါပေမဲ့ Tomboy တွေမှာလည်း ပုံစံအမျိုးမျိုး ရှိကြတာဆိုတော့ သူတို့တွေအပေါ်မှာ လေ့လာပြီးတော့ ဒီဇာတ်ထဲက ဆန်းကြယ်ကာရိုက်တာလည်းမိအောင် ကိုယ်ကပြန်ပြီး ပုံဖော်ခဲ့ရတာပါ။ တစ်ယောက်ရဲ့ပုံစံကိ ုယူလိုက်တာမျိုးတော့ မရှိဘူး။ နောက်ပြီး ဒီဇာတ်ကား မရိုက်ခင်ကတည်းက ဆန်းကြယ်ဆိုတဲ့ ဇာတ်ကောင်ရဲ့ စိတ်ကိုသွင်းပြီးတော့ပဲ နေထိုင်ခဲ့တာပါ။

မေး- ‘ ရန်သူ’ ဇာတ်ကားမှာက သုံးပွင့်ဆိုင်လည်းဖြစ်သလို တစ်ခါမှ မဆုံဖူးတဲ့သူတွေနဲ့လည်း အတူတွဲရတာဆိုတော့ အပေးအယူမျှအောင် ဘယ်လိုကြိုးစားရလဲ။

ဖြေ- ဇာတ်ကားတစ်ကား ကောင်းဖို့ဆိုတာကတော့ တစ်ယောက်တည်းကောင်းနေလို့ မရဘူးလေ။ ပါဝင်တဲ့သူ အားလုံးက အပေးအယူမျှနေမှ ဇာတ်က ပိုပြီးကြည့်လို့ကောင်းမှာဖြစ်သလို ဇာတ်ကလည်း ပိုကြွတာမျိုးလေ။ အဲဒီအတွက် ဇာတ်ကား ရိုက်ကူးစဉ်မှာလည်း တစ်ခုခုဆိုရင် အားလုံးက တိုင်တိုင်ပင်ပင်နဲ့ ဒီနေရာမှ ဒီလိုလုပ်မလားဆိုတာကို ပါဝင်တဲ့ သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာနဲ့ တိုင်ပင်ရတာ ညှိနှိုင်းရတာလေးတွေ ရှိပါတယ်။ သရုပ်ဆောင်တဲ့အခါမှာလည်း တစ်ယောက်နဲ့ တစ်ယောက် အကြံပေးကြတာလေးတွေလည်း ရှိပါတယ်။ ချီချီ (နေခြည်ဦး)ဆိုရင်လည်း ဒါက သူ့ရဲ့ ပထမဆုံး ဇာတ်ကားဖြစ်တော့ ရိုက်ကွင်းမှာကတည်းက သူ့ရဲ့ပြင်ဆင်မှုတွေ၊ ကြိုးစားအားထုတ်မှုတွေကို တွေ့ရတယ်။ ကိုယ့်ဘက်ကလည်း သူ့အတွက် အကြံပေးဖြစ် တာလေးတွေရှိပါ တယ်။

မေး- Tomboy တစ်ယောက်လို ပီပြင်ဖို့အတွက် ဖက်ရှင်နဲ့ မိတ်ကပ်ပိုင်းမှာရော ဘာတွေလုပ်ဖြစ်လဲ။

ဖြေ- Tomboy ဖက်ရှင်အတွက်ရော ဇာတ်ကားတစ်ကားလုံးအတွက်ကို အငယ်လေးက Stylelist လုပ်ပေးထားပါတယ်။ နောက်ပြီး Tomboy မိတ်ကပ်အတွက်ကိုလည်း ကိုလီက တာဝန်ယူ လိမ်းခြယ်ပေးထားတာပါ။ ဒီဇာတ်ကားက ကိုလီအတွက်လည်း ပထမဆုံး ပွဲဦးထွက်ဇာတ်ကားပါ။ နောက်မိတ်ကပ်ပိုင်းမှာ ရှိုင်းက တာဝန်ယူထားပါတယ်။ ဒီဇာတ်ကားအတွက် လိုအပ်တာတွေ အကုန်လုံးကို မိတ်ကပ်မေဦး၊ ရှိုင်း၊ ငယ်လေး၊ ကိုလီ၊ ကိတ်တို့တွေတစ်ဖွဲ့လုံးက ဒီဇာတ်ကား တစ်ကားလုံးမှာ ကစ်ရဲ့ မိတ်ကပ်၊ ဆံပင်နဲ့ အဝတ်အစားပိုင်းတွေကို ပံ့ပိုးပေးခဲ့ကြတာပါ။ အဲဒီအတွက်ကြောင့်လည်း ဒီဇာတ်ကားမှာ ကစ်ရဲ့ ဇာတ်ကောင်စရိုက် ပိုမိသွားတယ်လို့ ထင်ပါတယ်။

မေး- ဒီဇာတ်ကား ပြန်ကြည့်တဲ့အခါမှာရော ကိုယ့်ကိုယ်ကိုယ်ကျေနပ်မှုရှိလား။ ဘယ်လိုပြန်မြင်လဲ ကိုယ့်ကိုယ် ကိုယ်။

ဖြေ- ကိုယ့်ဘာသာကိုယ်ကတော့ ဒီဇာတ်ကားထဲက ဆန်းကြယ်လေးက အမြင်ကပ်စရာလေး၊ ရိုက်ချင်စရာလေးတော့လို့တော့ မြင်တယ်။ ကိုယ့်သရုပ်ဆောင်မှုတွေအပေါ်မှာတော့ ကျေနပ်အားရပါတယ်။

မေး- Tomboy လို သရုပ်ဆောင်တာ ကစ်အတွက် ဒီဇာတ်ကားက ပထမဆုံးဖြစ်သလို ကာရိုက်တာလည်း ဆန်းတယ်ဆိုတော့ နောက်ပိုင်းမှာရော ဒီလိုပုံစံမျိုး ရိုက်တာတွေတွေ့ရဦးမလား။

ဖြေ-‘ရန်သူ’ ဇာတ်ကားကို စပြီးလက်ခံရိုက်ကူးဖြစ်တာကိုက ဒီဇာတ်ထဲက ဆန်းကြယ်ရဲ့ ဇာတ်ကောင် စရိုက်ကြောင့်ပါ။ ဒါက ကိုယ့်အတွက် အသစ်တစ်ခုလည်းဖြစ်တာကြောင့် လက်ခံဖြစ်ခဲ့တာပါ။ ဒီလိုဇာတ်ကောင်စရိုက် အဆန်းလေးတွေကို သရုပ်ဆောင်ခွင့် ရတာကတော့ သရုပ်ဆောင် တစ်ယောက်အတွက် ကံကောင်းတာလို့ပြောရပါတယ်။

မေး- ‘ရန်သူ’ ဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာရှိရင်။

ဖြေ- ‘ရန်သူ’ ဇာတ်ကားလေးကို ပရိသတ်တွေ လာကြည့်ပြီး ဝေဖန်အကြံပေးပါ။ ကစ်ရဲ့ ပရိသတ်တွေရော ဒီ ’ရန်သူ’ ဇာတ်ကားရဲ့ ပရိသတ်တွေအားလုံးကိုရော ဒီဇာတ်ကားလေးကို လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

မေး- ၂၀၁၉ ခုနှစ်ထဲမှာ ကစ်ရဲ့ အနုပညာခြေလှမ်းတွေအတွက် ဘာတွေပြင်ဆင်ထားလဲ။

ဖြေ- ၂၀၁၉ ခုနှစ်ထဲမှာတော့ ကစ်အနေနဲ့ ဇာတ်ကားရိုက်ကူးတဲ့အခါမှာ အရင်ကထက် ပိုပြီး ရွေးချယ်သွားမယ်။ ဇာတ်ကားအရေအတွက် နည်းနည်းလေးကိုပဲ သေချာရွေးချယ်ပြီး ရိုက်ကူးသွားမှာပါ။ ဇာတ်လမ်းက ကိုယ်တိုင်လည်း တကယ်ကို သရုပ်ဆောင်ချင်တဲ့ ဇာတ်လမ်းမျိုး၊ ကိုယ့်အတွက်လည်း အဆင်ပြေတဲ့ ဇာတ်လမ်းမျိုးတွေကို ပရိသတ်တွေအတွက်လည်း တကယ်ကို ကြည့်လို့ကောင်းမယ့် ဇာတ်ကားမျိုးတွေကိုပဲ သေချာရွေးချယ်ပြီး ရိုက်ကူးသွားမှာပါ။ ကစ်ကိုယ်တိုင်ကလည်း ပရိသတ်တွေအတွက် ဇာတ်ကားကောင်းလေးတွေဖြစ်အောင် သေချာအချိန်ယူ ပြင်ဆင်ပြီး ရိုက်ကူးသွားချင်လို့ပါ။                                     


READ NEXT
Cancel OK