Top News

မတူသည့် အတွေးအခေါ်များကို ပေါင်းစည်းပြီး မတူသည့် အတွေးအခေါ်မှ ကောင်းသည့်အင်အားဖြစ်အောင် လုပ်ခြင်းသည် အမျိုးသားရင်ကြားစေ့ရေးဖြစ်ပြီး မြန်မာနိုင်ငံအတွက် အဓိကလိုအပ်ချက်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား၏
24htopnews | August 25, 2024 5:12 PM CST

မတူသည့် အတွေးအခေါ်များကို ပေါင်းစည်းပြီး မတူသည့်အတွေးအခေါ်မှ ကောင်းသည့်အင်အားဖြစ်အောင် လုပ်ခြင်းသည် အမျိုးသားရင်ကြားစေ့ရေးဖြစ်ပြီး မြန်မာနိုင်ငံအတွက် အဓိကလိုအပ်ချက်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ သုံးနှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ဇူလိုင် ၂၆ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ ကျင်းပပြီး အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထိုသို့ပြောကြားခဲ့ခြင်းကြောင်း နိုင်ငံတော်အတိုင်ခံရုံးက ထုတ်ပြန်သည်။

“အမျိုးသားရင်ကြားစေ့ရေးဆိုတာ နောက်ဆုံးမှာ လူတိုင်းလူတိုင်းဟာ ကိုယ့်စိတ်ကိုယ်နဲ့ မွေးလာကြတယ်။ ကိုယ့်စိတ်ကိုယ်နဲ့ ကြီးလာကြတယ်။ ဒီမတူတဲ့အတွေးအခေါ်တွေကို ပေါင်းစည်းပြီး မတူတဲ့အတွေးအခေါ်တွေကနေ အင်မတန်မှ ကောင်းတဲ့အင်အားဖြစ်အောင် လုပ်ခြင်းဟာ အမျိုးသားရင်ကြားစေ့ခြင်းပါပဲ။ ဒါဟာ ကျွန်မတို့နိုင်ငံအတွက် အဓိကလိုအပ်ချက်ပါပဲ။ ငြိမ်းချမ်းရေးဆိုတာလည်း ဒါပါပဲ။ ရခိုင်ပြည်နယ်က ပြဿနာဆိုတာလည်း ဒါပါပဲ။ မတူညီတဲ့ သဘောထားတွေ၊ မတူညီတဲ့ ဆန္ဒတွေ၊ မတူညီတဲ့ လိုအပ်ချက်တွေ ဒီဟာတွေကို ပေါင်းစပ်ပြီး အများအတွက် အကောင်းဆုံးတွေ ဘယ်လိုရှာမလဲဆိုတာ ကြိုးစားပြီးတော့ လုပ်နေရတာဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းတို့သည် ဆက်နွှယ်နေပြီး အဆိုပါကိစ္စသည် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန် ကြီးဌာန၏ အရေးအကြီးဆုံး လုပ်ငန်းဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ဒါဟာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန် ကြီးဌာနရဲ့ အရေးအကြီးဆုံး အလုပ်လည်းဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံအတွက် အရေးအပါဆုံး ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။ ကျွန်မတို့ အစိုးရတာဝန်ယူတဲ့အချိန်ကစပြီးတော့ နိုင်ငံအတွက် အဓိကလိုအပ်ချက်တစ်ခုကတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးပဲဆိုပြီး အဲဒီလိုအသိနဲ့ တာဝန်တွေကို ထမ်းဆောင်တာပါ။ ဒါကြောင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးက ဘယ်လောက်ထိလုပ်နိုင်ပြီလဲဆိုတာကို ပြန်ပြီးတော့ သုံးသပ်ချင်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများကို အဓိကထားပြီး ဆောင်ရွက်ရန်ရည်ရွယ်၍ NRPC ကို ထူထောင်ခဲ့ကြောင်း ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အစိုးရအဖြစ်တာဝန်ယူပြီးသည့်နောက် ၂၀၁၆ ခုနှစ်တွင် မထင်မှတ်ဘဲ ရခိုင်အရေးကိစ္စပေါ်လာကြောင်း ၊ ရခိုင်ပြဿနာသည် ၂၀၁၂ ခုနှစ်ကတည်းက စတင်ခဲ့သည့်အတွက် အဆိုပါကိစ္စကို ကိုင်တွယ်ရမည်ဆိုသည်ကိုလည်း သဘောပေါက်ကြောင်း ၊ သို့သော်လည်း ၂၀၁၆ ခုနှစ်တွင် ARSA အကြမ်းဖက်အဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားပြီးသည့်အခါ ရခိုင်ပြဿနာမှာ ကြီးကျယ်သွားကြောင်းနှင့် စိန်ခေါ်မှုများ ပိုမိုကြီးထွားလာကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။ 

“အဲဒီအချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာကို နှစ်ခုလုံးကိုင်တွယ်ရတာ ဖြစ်ပါတယ်။ နှစ်ခုလုံးကို ကိုင်တွယ်ရတဲ့အပြင် ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာ ကျွန်မတို့စပြီးလုပ်တဲ့အခါမှာ အဓိကအားဖြင့် ပြည်တွင်းရေးပဲဖြစ်ပါတယ်။ ကျွန်မတို့အချင်းချင်းအကြားမှာ ရင်ကြားစေ့ဖို့အတွက်၊ ငြိမ်းချမ်းရေးရနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက မထင်မှတ်ဘဲ အများကြီးပိုပြီးတော့ ရုန်းကန်ရပါတယ်။ အများကြီး ပိုပြီး အားထုတ်ရပါတယ်။ မထင်မှတ်တဲ့ဘက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရတဲ့ အခြေအနေတစ်ခုကို ရောက်လာပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ ကျွန်မတို့ရုံးရဲ့ဝန်ထမ်း တွေရဲ့ ၀ိုင်းဝန်းပ့ံပိုးမှုအရည်အချင်းဟာ အင်မတန်မှ အရေးကြီးပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် မိမိဘာရနိုင်မည်ဆိုသည်ထက် မိမိဘာပေးနိုင်မည်ဆိုသည်ကို အားလုံးစဉ်းစားပါက မြန်မာနိုင်ငံသည် မတိုးတက်စရာအကြောင်းမရှိကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင်လည်း ၎င်းအနေဖြင့် ယခုကဲ့သို့ပင် ပြောကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲစားပွဲဝိုင်းသို့ ရောက်ရှိလာသူအားလုံးသည် ဘာပေးနိုင်မည်ဆိုသည်ကို ပထမစဉ်းစားရမည်ဖြစ်ပြီး ဘာရနိုင်မည်ဆိုသည်ကို မစဉ်းစားရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“အဲဒီလိုမာနမျိုးရှိသင့်တယ်။ တချို့မာနက တစ်မျိုးပါ။ ငါတို့ရနိုင်သလောက် ရအောင်လုပ်တယ်ဆိုတာကို ဂုဏ်ယူစရာလို့ ထင်ကြတယ်။ ငါတို့ပေးနိုင်သမျှ ပေးတယ်ဆိုတာက တကယ့်ဂုဏ်ယူစရာဖြစ်မှန်းကို သဘောမပေါက်ကြဘူး။ ဒီလိုစိတ်တွေဖြစ်အောင်လို့ လုပ်ပေးရတယ်ဆိုတာဟာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ဦးဆောင်တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်မှာ အင်မတန်အဓိကကျတဲ့ တာဝန်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ဝန်ထမ်းများ အချင်းချင်းလည်း ဒီလိုစိတ်တွေမွေးစေချင်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သော အခြေအနေသည် မျိုးဆက်တိုင်းတွင်ရနိုင်သော အခွင့်အရေးမဟုတ်ကြောင်း ၊ လက်ရှိမျိုးဆက်တွင် နိုင်ငံ၏ ကံကြမ္မာကို ပြောင်းပေးနိုင်သော အခွင့်အရေးကို ရရှိကြောင်း၊ အဆိုပါအခွင့်အရေးကို ကောင်းမွန်စွာ အသုံးချပြီး နိုင်ငံ၏ ကံကြမ္မာကို အကောင်းဘက်သို့ရောက်အောင် ပြောင်းပေးခြင်းဖြင့် မိမိတို့၏ ကံကြမ္မာလည်း ကောင်းသည့်ဘက်ကို ရောက်ရှိနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

 


READ NEXT
Cancel OK