Top News

သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်နှင့် စာရင်းစစ်ချုပ်ဟောင်း ဦးလွန်းမောင် အပါအဝင် တပ်မတော်အရာရှိဟောင်းများ ဦးဆောင်သည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီက အမျိုးသားရေးဝါဒကို ကျင့်သုံးမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်မည်
24htopnews | August 25, 2024 5:12 PM CST

သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ဟောင်း ဦးလွန်းမောင်တို့အပါအဝင် တပ်မတော်အရာရှိဟောင်းများ ဦးဆောင်ပါဝင်သည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီက တိုင်းရင်းသားတစ်ရပ်လုံးကို အခြေခံသည့် အမျိုးသားရေးဝါဒ ကျင့်သုံးမည်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပါတီခေါင်းဆောင်များက ပြောကြားသည်။

ပါတီမူဝါဒ ရှင်းလင်းထုတ်ပြန်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ House Of Orchid တွင် ပြုလုပ်ခဲ့ပြီး တစ်ဆက်တည်း ရန်ကုန်တိုင်းဒေသကြီး ပါတီရုံးကိုလည်း ယင်းနေရာ၌ပင် ဖွင့်လှစ်ခဲ့သည်။

“ကျွန်တော်တို့အနေနဲ့က လူမျိုးရေး၊ ဘာသာရေး ဘာမှခွဲခြားမှုမရှိဘူး။ အမျိုးသားအကျိုးစီးပွားမှာ ရည်မှန်းချက်တူရင် မည်သူ့ကိုမဆို လက်ကမ်းကြိုဆိုနေမှာ ဖြစ်ပါတယ်။ တရားသေဝါဒ ဆုပ်ကိုင်ထားတဲ့ ပါတီမဟုတ်ပါဘူး။ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး မူဝါဒတွေ ဘယ်လိုပဲ ကွဲပြားကွဲပြား အမျိုးသား အကျိုးစီးပွားကို ဒိုးတူပေါင်ဖက်လုပ်မယ်ဆိုရင် အားလုံးကို ကြိုဆိုပါတယ်” ဟု ပါတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်က ပြောကြားသည်။

၎င်းနှင့်ဒုဥက္ကဋ္ဌ (၁) ဦးလွန်းမောင်အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်အများအပြားမှာ ဒုဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်စသည့် တပ်မတော်အရာရှိ (ငြိမ်း)များဖြစ်ပြီး အရပ်သားခေါင်းဆောင်အဖြစ် ပထမအကြိမ် စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက ဒုဥက္ကဋ္ဌ (၂) အဖြစ် ပါဝင်မည်ဖြစ်ဖြစ်သည်။

အမျိုးသားရေးနှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် လုပ်ရပ်များကို လုပ်ဆောင်သည့် မည်သည့်ပါတီ၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုမဆို လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး အမျိုးသားရေးကို ထိခိုက်နစ်နာစေသည့် လုပ်ရပ်များနှင့်ပတ်သက်ပြီး မည်သည့်ပါတီ၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုမဆို အချိန်မရွေး၊ နေရာမရွေး၊ ရှုတ်ချဆန့်ကျင်မည်ဆိုသည်ကိုလည်း ပါတီမူဝါဒအဖြစ် ထည့်သွင်းသတ်မှတ်ထားသည်။

ပါတီကို မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်ဖြင့် ဖွဲ့စည်းခြင်းမဟုတ်ဘဲ ကိုယ်တိုင်ဖြတ်သန်းမှု ဘဝအတွေ့အကြုံများအပေါ် အခြေခံပြီး သီးခြားဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ပါတီဥက္ကဋ္ဌဦးစိုးမောင်က သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။

ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ လမ်းညွှန်မှုဖြင့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ် ပါတီကို တည်ထောင်ခြင်းဖြစ်သည်ဟု မြန်မာသံတော်ဆင့်သတင်းစာက ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် သတင်းဖော်ပြခဲ့ပြီး ယင်းအချက်အပေါ် ပါတီဒုဥက္ကဋ္ဌ (၂) ဦးစိုးဝင်းကလည်း ငြင်းဆန်သည်။

နိုင်ငံရေးအရတော့ အကောင်းဆုံးဖြစ်အောင် လုပ်သွားမယ်။ ဘယ်သူ့ကိုမှ ကိုယ်စားမပြုဘူး။ ပြည်သူကို ကိုယ်စားပြုပြီးတော့ ကျွန်တော်တို့ ဒါလိုအပ်ချက်အရ ထောင်တာပါ” ဟု ဦးစိုးဝင်းက ပြောကြားသည်။

မေလအတွင်းက ပါတီမှတ်ပုံတင် ရရှိထားသည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ် ပါတီတွင် ပါတီဝင်အင်အား သောင်းဂဏန်းခန့်ရှိနေပြီဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ရေး ပြင်ဆင်နေသည်ဟု ပါတီအတွင်းရေးမှူးအဖွဲ့ဝင် ဦးခင်မောင်ကြည်က ပြောကြားသည်။

ယခင်က အမျိုးသားနိုင်ငံရေးပါတီအမည်ဖြင့် ဦးစွာမှတ်ပုံတင်လျှောက်ထားခဲ့ပြီး ယင်းအမည်နှင့် ပါတီမှတ်ပုံတင်မရရှိသောကြောင့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီအဖြစ် ပြန်လည်လျှောက်ထားကာ ပါတီမှတ်ပုံတင်ရရှိခဲ့ခြင်းဖြစ်သည်။

ပါတီရုံးချုပ်ကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ သူရိယလမ်းနှင့် မြတ်လေးရုံလမ်းထောင့် အမှတ် (ဒ/ ၃၂၂၀၆) တွင် ဖွင့်လှစ်ထားပြီး ပါတီမှတ်ပုံ တင်အမှတ်မှာ ၁၁၄ ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK