Top News

PPST အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး အစိုးရ၏ အဆိုပြုချက်များကို တင်ပြဆွေးနွေးပြီး  အစိုးရနှင့် စတင်ဆွေးနွေးနိုင်ရေး ဆောင်ရွက်မည်ဟု NCA-S EAO UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ပြောကြား
24htopnews | August 25, 2024 5:12 PM CST

လာမည့် သြဂုတ်လအတွင်း ပြုလုပ်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး အစိုးရ၏ အဆိုပြုချက်များကို တင်ပြဆွေးနွေးမည်ဖြစ်ပြီး အဆိုပါ အစည်းအဝေးအပြီး အလုပ်အသစ်တစ်ခု ဖွဲ့စည်းကာ အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမှုများ စတင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NCA-S EAO UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ရဲဘော်မျိုးဝင်းက ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း လက်ရှိကြုံတွေ့နေရသော အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ ရဲဘော်မျိုးဝင်းနှင့် သီးသန့်တွေ့ဆုံ မေးမြန်းမှုကို NCA-S EAO Facebook Page က ဇူလိုင် ၂၆ ရက်တွင် ဖော်ပြခဲ့ပြီး အဆိုပါ မေးမြန်းမှုတွင် NCA-S EAO UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ရဲဘော်မျိုးဝင်းက ထိုသို့ထည့်သွင်း ပြောကြားထားခြင်းဖြစ်သည်။

NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် PPST အဖွဲ့ အစည်းအဝေးကို ပြီးခဲ့သည့် မေလအတွင်းက ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တစ်ဆို့မှုများ ကျော်လွှားနိုင်ရေးအတွက် အဖြေရှာဆွေးနွေးမည့် အလုပ်အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်သွားနိုင်ရေးအတွက် အဆိုပါအလုပ်အဖွဲ့၏ သဘောထား စုစည်းချက်များကိုလည်း လာမည့် PPST အစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“နောက်တစ်ခုက ပြီးခဲ့တဲ့လကပဲ အတွင်းရေးမှူးအဖွဲ့ အလွတ်သဘော အစည်းအဝေးမှာ  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နိုင်ရေးအတွက်ကို အစိုးရကနေ အဆိုပြုခဲ့တဲ့ လုပ်ငန်းစဉ်လေးရပ်ကို အလုပ်အဖွဲ့မှာ သုံးသပ်ပြီးတော့ ဒီကိစ္စကို ဘယ်လိုဆက်လက် အကောင်အထည်ဖော်မလဲ။ ဘယ်လို ညှိနှိုင်းမလဲ ဆိုတဲ့ဟာကို PPST အစည်းအဝေးမှာ တင်ပြမှာပေါ့။ အဲဒါပြီးပြီ ဆိုရင်တော့ အစိုးရနဲ့ ညှိနှိုင်းဖို့အတွက် အလုပ်အဖွဲ့ ဖွဲ့ဖြစ်မှာပေါ့။ အလုပ်အဖွဲ့အသစ်ပေါ့။ အခုအလုပ်အဖွဲ့က ပြင်ဆင်ရေးအဖွဲ့၊ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ မဟုတ်သေးဘူး။ အဲဒီပြင်ဆင်ထားတာကို အားလုံး ၁၀ ဖွဲ့စလုံးက အိုကေတယ်။ ဒီလောက်ဆို ဆွေးနွေးလို့ရပြီ ဆိုရင်တော့ အစိုးရနဲ့ ဆွေးနွေးဖို့အတွက် အလုပ်အဖွဲ့ ဖွဲ့ရမှာပေါ့။ ပြီးရင် အစိုးရနဲ့ စဆွေးနွေးတော့မှာပေါ့” ဟု ရဲဘော်မျိုးဝင်းက ပြောကြားသည်။

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ ရပ်တန့်နေပြီး ယခုအခါ အဆိုပါ တရားဝင် အစည်းအဝေးများ ပြန်လည်စတင်နိုင်ရေးအတွက် အစိုးရနှင့် NCA-S EAO များအကြား အလွတ်သဘော ဆွေးနွေးမှုများ ပြုလုပ်နေသည်။

လက်ရှိ နိုင်ငံရေး ဆွေးနွေးပွဲများတွင် တစ်ဆို့နေသော အကြောင်းအရာများကို ဖြေရှင်းဆောင်ရွက်နိုင်ရေးသည် အရေးကြီးပြီး လက်ရှိအကောင်အထည် ဖော်နေမှုသည် NCA စာချုပ်အပေါ်တွင် အခြေခံပြီး နိုင်ငံရေးပြဿ နာများကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာနေခြင်းဖြစ်ကြောင်း၊ NCA တွင် အဓိကအားဖြင့် တပ်ပိုင်းဆိုင်ရာနှင့် ပစ်ခတ်တိုက်ခိုက်မှုများ ထိန်းသိမ်းနိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲနှင့် ကြားကာလ အစီအစဉ်ဟူ၍ အပိုင်းသုံးပိုင်းရှိကြောင်း ၎င်းက ပြောကြားသည်။

“NCA အကောင်အထည်ဖော်မှုခိုင်မာဖို့၊ အားကောင်းဖို့အတွက်ကို ပြင်ဆင်စရာရှိတာ ပြင်ဆင်၊ ဖြည့်စွက်စရာ ဖြည့်စွက်ဖို့လိုတယ်။ ဒါတွေလည်း ကျွန်တော်တို့ ဆွေးနွေးဖြစ်တာပေါ့နော်။ နောက်ပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး NCA လက်မှတ်ရေးထိုးပြီး သုံးနှစ်တာ ကာလအတွင်း ဖြတ်သန်းခဲ့တဲ့ အခြေအနေ၊ တတိယအကြိမ်အထိ ပင်လုံညီလာခံပေါ့။ ကျင်းပလာခဲ့တဲ့အပေါ်မှာ ပြန်လည်သုံးသပ်ပြီးတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံရေး တည်ဆောက်နိုင်ရေးဆိုင်ရာ နိုင်ငံရေး သဘောတူညီချက်တွေရအောင် ဘယ်လိုအကြောင်း အရာတွေကို ဆွေးနွေးသွားဖို့ လိုအပ်မလဲ။ ပြီးရင် ဒီအကြောင်းအရာတွေကိုလည်း ဘယ်လိုပုံစံမျိုးနဲ့ အဆင့်လိုက်ပေါ့။ ဘယ်လိုအဆင့်တွေနဲ့ ဘယ်လို Step တွေနဲ့ အကောင်အထည်ဖော်မလဲ ဆိုတဲ့ဟာလည်း ကျွန်တော်တို့ ပြင်ဆင်နေတာတွေရှိတယ်” ဟု ရဲဘော်မျိုးဝင်းက ပြောကြားသည်။

ထို့ပြင် လက်ရှိကာလ အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်မည်ဆိုပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ၂၀၂၀ တွင် ပြီးစီးနိုင်သည့် အခြေအနေ မရှိကြောင်း၊ ထိုသို့ မပြီးစီးနိုင်ပါက ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများ မည်မျှအတိုင်းအတာအထိ သဘောတူညီမှုရနိုင်မည် ဆိုသည်ကို ဆက်လက်ကြိုးပမ်းရန် လိုအပ်သကဲ့သို့ ၂၀၂၀ အလွန်တွင် နိုင်ငံရေး ဆွေးနွေးပွဲများ အာမခံချက်ရရှိရေး အတွက်လည်း ပြင်ဆင်သွားရမည်ဖြစ်ကြောင်း ရဲဘော်မျိုးဝင်းက ပြောကြားသည်။

ငြိမ်းချမ်းရေးခရီးစဉ်ကို ဖြတ်သန်းရာတွင် တစ်ဖွဲ့ချင်းစီသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း စိန်ခေါ်မှုများစွာရှိပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာသည် လွန်စွာနက်ရှိုင်းကြောင်း၊ နိုင်ငံရေးပြဿနာကို အဖြေရှာနိုင်ရေးအတွက် ပြဿနာ၏ အတိမ်အနက်ကို အသိအမှတ်မပြုပါက မည်သည့်အခါမျှ အဖြေရှာနိုင်မည် မဟုတ်ကြောင်းနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရန်အတွက် ပြည်သူလူထုက ဝန်းရံပေးကြရန် NCA-S EAO UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ရဲဘော်မျိုးဝင်းက ပြောကြားသည်။


READ NEXT
Cancel OK