ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများ၏ သဘောထား တောင်းဆိုချက်များကို ယခင် အစိုးရ လက်ထက် ကတည်းက တင်ပြ တောင်းဆိုထားသော်လည်း လက်ရှိ အချိန်အထိ အကြောင်းပြန်ကြားခြင်း မရှိသေးသဖြင့် စောင့်ကြည့်နေဆဲ ဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။သို့သော် ကျောက်ဖြူ အထူးစီးပွားရေးဇုန် အတွင်းရှိ ဒေသခံများအား တရုတ် NGO အဖွဲ့အစည်း တစ်ခုမှ သင်တန်းများ ပေးရန်နှင့် အခြား အကူအညီများ ပေးရန် စီစဉ်နေသည်ဟူသော သတင်းများ ကြားနေရကြောင်း ဒေသခံ ဦးခင်ညွန့်က ပြောကြားသည်။“ဒေသခံ တောင်သူ လယ်သမားတွေ ဘက်က တင်တဲ့ဟာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆီကို တိုက်ရိုက် အကြောင်း မပြန်သေးပေမယ့် အဲဒီမှာ ပါတဲ့ စက်မှုဇုန် မစခင် အလုပ်အကိုင်တွေ သင်တန်းတွေပေးဖို့ ဆိုတဲ့ အချက်နဲ့ အခုလာမယ့် အချက်နဲ့တော့ ကိုက်ညီတာပေါ့နော်။ ဒါပေမဲ့ အစိုးရဘက်က ဘာမှ မထူးသေးတော့ စောင့်ကြည့်နေတုန်းပဲ” ဟု ဒေသခံ ဦးခင်ညွန့်က ပြောကြားသည်။ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ခြင်းသည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို တစ်ချိန်ချိန်တွင် ထိပါးလာနိုင်သည်ဟု ထင်မြင်သောကြောင့် ရခိုင်ပြည်သူ လူထုနှင့် မြန်မာနိုင်ငံသားများ အကျိုးစီးပွားကို ရှေးရှုသောအားဖြင့် နောင်အစိုးရ အနေနှင့် သေချာ စိစစ်လေ့လာ သုံးသပ်ပြီးမှ လုပ်ငန်း ဖော်ဆောင်ရန် ယခင် အစိုးရ လက်ထက် သမ္မတ ဦးသိန်းစိန်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီတို့သို့ ဒေသခံများ၏ တောင်းဆိုချက်များကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က ပေးပို့ တောင်းဆိုခဲ့ကြောင်း သိရသည်။အဆိုပါ တောင်းဆိုချက်များမှာ စက်မှုဇုန်တွင် ပါဝင်သွားသော ဓားမဦးချ မိဘဘိုးဘွားပိုင် မြေအားလုံး (ဥပမာ-တောတောင်၊ ကိုင်းကျွန်း၊ စားကျက်မြေ၊ ဥယျာဉ်ခြံမြေ၊ လယ်ယာမြေ)ကို တိကျစွာ ပြန်လည် တိုင်းတာပြီး တရားဝင် ပိုင်ဆိုင်မှု ပြုလုပ်ပေးရန်၊ ကျောက်ဖြူ စက်မှုဇုန်သည် နိုင်ငံတကာ စံချိန် စံညွှန်းနှင့် တင်ဒါခေါ်ယူ ဖော်ဆောင်သောကြောင့် နိုင်ငံတကာ စံချိန်စံညွှန်းနှင့် အညီ မြေလျော်ကြေး ပေးရန်တို့ ပါဝင်သည်။ထို့ပြင် အထူးစီးပွားရေးဇုန်တွင် အလုပ်အကိုင် ရရှိရေးအတွက် သက်ဆိုင်ရာ လယ်သမား၊ ပန်းရံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် ကျွမ်းကျင် သင်တန်းများကို ဇုန်မစတင်မီ အခမဲ့ ကြိုတင်စီစဉ် ဆောင်ရွက်ပေးရန်၊ ရခိုင်ပြည်သူ ပြည်သား အကျိုးစီးပွားအတွက် စက်မှုဇုန်မှ ရရှိသော အကျိုးအမြတ်ကို ရာခိုင်နှုန်းအလိုက် ခွဲဝေပေးရန် အစရှိသည့် အချက်များ ပါဝင်သည်။အထက်ပါ တင်ပြ တောင်းဆိုချက်များကို ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဒေသ တောင်သူလယ်သမားများ၏ လူမှုစီးပွား ဖွံ့ဖြိုးရေး အသင်းနှင့် စက်မှုဇုန်တွင် ပါဝင်သွားသော ကျေးရွာများမှ ဒေသနေ တောင်သူလယ်သမားများ၊ သြဝါဒ ဆရာတော်ကြီးများက တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား