COVID- 19 ကြောင့် ကမ္ဘာအနှံ့ လေကြောင်းလိုင်းအများစု ခရီးစဉ်ပျံသန်းမှု ရပ်နားခြင်းများကြောင့် နိုင်ငံတကာလေကြောင်း လိုင်း ၃၇ ခုပျံသန်းနေသည့် ရန်ကုန်လေဆိပ်တွင် မတ် ၂၄ ရက်က လေကြောင်းလိုင်းရှစ်ခုသာ ပျံသန်းမှုရှိနေကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။
လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်ပျံသန်းနေသည့် လေကြောင်းလိုင်းရှစ်ခုမှာ 9 Airs, China Eastern Airlines, JC Cambodia Airlines, MNA, MAI, Neos, Sichuan Airlines နှင့် Thai Airways လေကြောင်းလိုင်းတို့ ဖြစ်သည်။
“မတ် ၂၄ ရက်နေ့ထိ ရန်ကုန်လေဆိပ်မှာ နိုင်ငံတကာလေကြောင်းလိုင်းရှစ်ခုက နိုင်ငံတကာခရီးစဉ်ကိုးခုကို ပျံသန်းနေပါတယ်” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူက ပြောကြားသည်။
နိုင်ငံတကာလေကြောင်းလိုင်း ၃၇ ခု ပျံသန်းနေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖေဖော်ဝါရီလမှစတင်ကာ တရုတ်လေကြောင်းလိုင်းများသာ ခရီးစဉ်ပျံသန်းမှု ရပ်နားခဲ့ရာမှ လက်ရှိတွင် အခြားနိုင်ငံတကာ လေကြောင်းလိုင်းအများစု ခရီးစဉ်ပျံသန်းမှု ရပ်နားခြင်းများရှိလာခြင်းဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီက နိုင်ငံတကာလေကြောင်းလိုင်း ၃ရလိုင်းက လေကြောင်း ခရီးစဉ်များ ပျံသန်းခဲ့ပြီး ခရီးသည်ပေါင်း ငါးသိန်းကျော်ဝင်ထွက်မှုရှိခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီတွင် တရုတ်လေကြောင်းလိုင်း အများစုက ခရီးစဉ်ပျံသန်းမှုအားရပ်နားခဲ့သဖြင့် လေကြောင်းလိုင်း ၃၂ လိုင်းက ခရီးစဉ်များ ပျံသန်းခဲ့ပြီး ခရီးသည်သုံးသိန်းကျော် ဝင်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နိုင်ငံတကာလေကြောင်းလိုင်းတွေက သူတို့တွေ ပျံသန်းနေတဲ့ ခရီးစဉ်တွေကို လျှော့ချပျံသန်းဖို့၊ ရပ်နားဖို့ လာရောက်တင်ပြမှုတွေ ရှိနေပါတယ်” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
COVID- 19 ကြောင့် နိုင်ငံတကာလေကြောင်းလိုင်းအချို့ ခရီးစဉ်ပျံသန်းမှုမရှိတော့သဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေကြောင်းလိုင်းကောင်တာအချို့ ပိတ်သိမ်းထားပြီး လေဆိပ်အတွင်းနှင့် အပြင်၌ အသွားအလာ သိသိသာသာ လျော့နည်းသွားကြောင်း သိရသည်။
COVID- 19 ရောဂါကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုမှာလည်း ယခင်နှစ်ကာလတူဖြင့်နှိုင်းယှဉ်ပါက ထက်ဝက်ခန့်ကျဆင်းခဲ့ခြင်းဖြစ်ပြီး ကိုရီးယားလေကြောင်းလိုင်းနှင့် တရုတ်နိုင်ငံမှ လေကြောင်းလိုင်း ၁၀ လိုင်းခန့် ခရီးစဉ်ပျံသန်းမှုရပ်နားထားပြီး အခြားနိုင်ငံတကာ လေကြောင်းလိုင်းအချို့ ခရီးစဉ်ပျံသန်းမှုအကြိမ်ရေအား လျှော့ချပျံသန်းနေခြင်းဖြစ်သည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် မှ ကမ္ဘာလှည့်ဗီဇာဖြင့် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုသည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီက ၆၃၇၇၅ ဦးရှိခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီတွင် ၃၅၂၃၁ ဦးသာရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ အဓိကခရီးသည် ဝင်ထွက်ပေါက်ဖြစ်သည့် ရန်ကုန်လေဆိပ်တွင် ခရီးသည်ဝင်ရောက်မှုမှာ COVID- 19 ရောဂါစတင်ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် စတင်ကာကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
COVID- 19 ကြောင့် Fly Dubai၊ Qatar Airways၊ Jetster နှင့် Thai Lion လေကြောင်းလိုင်းများအပါအဝင် နိုင်ငံတကာလေကြောင်း လိုင်းအများစု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ခရီးစဉ်ပျံသန်းမှု ရပ်နားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား