တရုတ်နိုင်ငံတွင် အခွန်ရှောင်မှုဖြင့် ဗီယာဆိုသည့် နာမည်ကျော်အင်တာနက် ဆယ်လီတစ်ဦးကို အစိုးရက အမေရိကန်ဒေါ်လာသန်း ၂၁၀ ဒဏ်တပ်လိုက်သည်။ နိုင်ငံအတွင်း အွန်လိုင်းဆယ်လီများအပါအဝင် အနုပညာရှင်များအပေါ် ကြပ်မတ်မှုများ ပိုမိုလုပ်ဆောင်လာချိန် ယခုကဲ့သို့ ဒဏ်ရိုက်ခံရခြင်းဖြစ်သည်။
အွန်လိုင်းမှလိုက်ဖ်လွှင့် စျေးရောင်းခြင်းသည် တရုတ်နိုင်ငံ၏ရေပန်းအစားဆုံး စျေးရောင်းနည်းတစ်ခုဖြစ်လာပြီး ဗီယာကို Livestream ဘုရင်မဟုလည်း သိကြသည်။
အမည်ရင်းဟွမ်ဝေဟုခေါ်သည့် ဗီယာသည် အသက် ၃၄ နှစ်သာရှိသေးသော်လည်း ဘီလျံနာတစ်ဦးဖြစ်နေပြီး တရုတ်မီဒီယာများအဆိုအရ သူမ၏ပိုင်ဆိုင်မှုသည် အမေရိကန်ဒေါ်လာ ၁.၂၅ ဘီလျံရှိကာ တရုတ်တွင် အချမ်းသာဆုံးလူ ၅၀၀ ထဲ ပါဝင်ထားသည်။
ဆိုရှယ်မီဒီယာတွင် ဖော်လိုဝါသန်း ၁၀၀ အထက်ရှိသူ ဗီယာသည် အွန်လိုင်းမှ အလှကုန်များ၊ အသုံးအဆောင်များ၊ စားစရာများ၊ အဝတ်အထည်များအပြင် အိမ်များ၊ ကားများလည်း ရောင်းပေးပြီး လတ်တလော Singles’Day စျေးရောင်းပွဲတော်အတွင်း ယွမ် ၈.၅ ဘီလျံဖိုးပစ္စည်းများ ရောင်းခဲ့ရသည်။
သတင်းများအရ လက်ရှိတွင်သူမ၏ ဆိုရှယ်မီဒီယာအကောင့်များ ဖယ်ရှားခံလိုက်ရပုံရှိသည်။
တရုတ်တွင် အွန်လိုင်းဆယ်လီအလုပ်ဖြင့် ချမ်းသာလာသူများထဲ အော်စတင်လီကျားချီလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ အော်စတင်လီသည် ခုနစ်နာရီကြာ Livestream ချိန်အတွင်း နှုတ်ခမ်းနီအမျိုးပေါင်း ၃၈၀ ကိုစမ်းပြခဲ့သည့်အတွက် နှုတ်ခမ်းနီ ဘုရင်ဆိုသည့် နာမည်ပြောင်ရထားသည်။
သူသည်ဗီယာ၏ အကြီးဆုံးယှဉ်ပြိုင်ဖက်လည်းဖြစ်ပြီး ဆိုရှယ်မီဒီယာ Douyin တွင် ဖော်လိုဝါသန်း ၄၀ ရှိကာ သူ၏လက်သုံးစကား ‘Oh my God; Buy it’ ဖြင့် ပရိသတ်များကို ဆွဲဆောင်နေသူဖြစ်သည်။
အလီဘာဘာ၏လတ်တလော ၂၀၂၁ Singles’ Day စျေးရောင်းပွဲတော်အတွင်း လီသည် ပထမနေ့မှာပင် အမေရိကန်ဒေါ်လာ ၁.၉ ဘီလျံဖိုး ရောင်းပေးနိုင်ခဲ့သည်။ လီ၏ပိုင်ဆိုင်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ တစ်သန်းနှင့် ငါးသန်းကြားရှိသည်ဟု ခန့်မှန်းကြသည်။
အခွန်ရှောင်မှုဖြင့် အမေရိကန်ဒေါ်လာ ၁၀.၂ သန်း နိုဝင်ဘာတွင် ဒဏ်ရိုက်ခံရသူ အွန်လိုင်းဆယ်လီနောက်တစ်ဦးလည်း ရှိသေးသည်။ ရွှယ်လီဆိုသည့် ၎င်းမိန်းကလေးသည် ဝေပိုလူမှုကွန်ယက်တွင် ဖော်လိုဝါ ၁၃.၂ သန်းဖြင့် တရုတ်နိုင်ငံ၏ နာမည်ကြီး influencer များထဲမှ တစ်ဦးဖြစ်သည်။
သူမသည် ၂၀၁၈ ခုနှစ်တွင် ရွှယ်လီနာမည်ဖြင့် အဝတ်အစားအမှတ်တံဆိပ်တစ်ခု ကိုယ်ပိုင်ထုတ်လုပ်ကာ livestreaming အလုပ်ကို ၂၀၁၉ ခုနှစ်တွင် စတင်ပြီးစျေးရောင်းခဲ့သည်။ သို့သော်ဒဏ်ရိုက်ခံရပြီးနောက်ပိုင်း အွန်လိုင်းမှ စျေးမရောင်းတော့ပေ။
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်
-
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် B.1.1.7 အကြောင်းတစေ့တစောင်း