Top News

ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီတွင် ချို့ယွင်းမှုများရှိသော အစီရင်ခံစာများ၊ မြန်မာနိုင်ငံ ကိုယ်စားပြုတရားဝင်ကိုယ်စားလှယ်များ ပါဝင်ခြင်းမရှိသည့် ဆွေးနွေးမှုများနှင့် နိုင်ငံအချို့၏ မြန်မာနိုင်ငံ ပြည်တွင်းရေး စွက်ဖက်ပြောဆိုမှုများကို ကန့်ကွက်ပယ်ချကြောင်း န
24htopnews | August 20, 2024 2:12 PM CST

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ (လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီ)၌ ချို့ယွင်းမှုများရှိသော အစီရင်ခံစာများ၊ မြန်မာနိုင်ငံကိုယ်စားပြု တရားဝင်ကိုယ်စားလှယ်များ ပါဝင်ခြင်းမရှိသည့် ဆွေးနွေးမှုများနှင့်နိုင်ငံအချို့၏ မြန်မာနိုင်ငံပြည်တွင်းရေး စွက်ဖက်ပြောဆိုမှုများကို ကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါကော်မတီအစည်းအဝေးတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Noeleen Heyzer နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ Thomas Andrews တို့၏ အစီရင်ခံစာများအပေါ် အပြန်အလှန်ဆွေးနွေးမှုများကို ၂၀၂၂ ခုနှစ် အောက်တိုဘာ၂၅ ရက်နှင့် အောက်တိုဘာ ၂၆ ရက်တို့တွင်အသီးသီးပြုလုပ်ခဲ့ကြောင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Noeleen Heyzer ၏ အစီရင်ခံစာပါ အကြောင်းအရာ တစ်ခုလုံးနီးပါးသည် ကုလသမဂ္ဂအမည်ခံ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိစ္စအတွက် လုပ်ပိုင်ခွင့်ပေးအပ်ထားသည် ဆိုသည့်သူများ၏ စွပ်စွဲပြောကြားချက်များကို တိုက်ရိုက်ပြန်လည် ဖော်ပြထားခြင်းသာဖြစ်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အလားတူမြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Thomas Andrews ၏ အစီရင်ခံစာတွင်လည်း အပြုသဘောဆောင်သော ဖော်ပြချက် တစ်ခုတစ်လေမျှမပါဝင်ဘဲ အပျက်သဘောဆောင်သည်များကိုသာ ချဲ့ကားဖော်ပြထားသည်ကိုတွေ့ရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတစ်နိုင်ငံတည်းကို ဦးတည်သည့် ဆုံးဖြတ်ချက်အဆိုများကို အစဉ်တစိုက် ဆန့်ကျင်ခဲ့ပြီး ယင်းရည်ရွယ်ချက်ဖြင့် ခန့်အပ်၍ ပေးအပ်ထားသော လုပ်ပိုင်ခွင့်များကိုလည်း မည်သည့်အခါကမျှ လက်ခံခဲ့ခြင်းမရှိကြောင်း၊ Thomas Andrews အား မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူအဖြစ် ခန့်အပ်မှုအပေါ်တွင်လည်း အသိအမှတ်ပြုခြင်းမရှိသကဲ့သို့ ပြည်ဝင်ခွင့်လည်း မပြုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ပြင် ၎င်းတို့၏ အစီရင်ခံစာများနှင့်ရှင်းလင်းတင်ပြချက်များသည် အကြမ်းဖက်အဖွဲ့များ၊ ယင်းအကြမ်းဖက်အဖွဲ့များအား အထောက်အကူပြုနေသည့် လူမှုအဖွဲ့အစည်းအမည်ခံများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ အခြေအမြစ်မရှိ၊ မှန်ကန်မှုမရှိသည့် နှုတ်ပြောစကားများအပေါ် အခြေခံထားကြောင်း၊ စင်စစ်အားဖြင့် ဖော်ပြပါအဖွဲ့များသည် ပြည်ပအဖွဲ့အစည်းအချို့ထံမှ တရားမဝင်အကူအညီများရရှိနေကြောင်းလည်း တွေ့ရှိရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုုတ်ပြန်သည်။

ထို့အတူကုလသမဂ္ဂမှ မြန်မာနိုင်ငံအရေး ကျွမ်းကျင်သူများဟုဆိုသူများက ကချင်ပြည်နယ် အနန့်ပါ၌  ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ကို တစ်ဖက်သတ် မမှန်မကန် ဖန်တီးလုပ်ကြံထားသော သတင်းများနှင့်စွပ်စွဲချက်များကို အခြေခံ၍မီးမောင်းထိုးပုံကြီးချဲ့ ပြောကြားခဲ့ကြောင်း၊ သို့ရာတွင် အောက်တိုဘာ ၁၂ ရက်က KNLA တပ်မဟာ (၁) နှင့် PDF များက ကျိုက်ထီးရိုးစေတီ၌ ဘုရားဖူးသူများကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် သေကြေစေခဲ့မှုနှင့်အောက်တိုဘာ ၂၁ ရက်တွင် KNU/KNLA တပ်မဟာ (၆) လက်အောက်ခံတပ်ရင်းများ၊ KKO ခွဲထွက်အဖွဲ့နှင့် PDF များက ကော့ကရိတ်မြို့ရှိ လူနေရပ်ကွက်များသို့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိုဒေသရှိအပြစ်မဲ့ ပြည်သူများ ထိခိုက်သေဆုံးခဲ့မှုတို့ကိုမူ နှုတ်ဆိတ်နေခဲ့ကြောင်း၊ ထို့အပြင်ပြည်သူ ၄၀၇၃ ဦးကို သတ်ဖြတ်ခဲ့သည့် NUG နှင့် PDF တို့၏ အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် မျက်ကွယ်ပြုလျစ်လျူရှုခဲ့ကြကြောင်း၊  ထို့ကြောင့် ကုလသမဂ္ဂအမည်ခံ အထူးကိုယ်စားလှယ်နှင့် အထူးအစီရင်ခံစာတင်သွင်းသူများ၏ ဆောင်ရွက်ချက်များသည် ဓမ္မဓိဋ္ဌာန်ကျမှုမရှိဘဲ ဘက်လိုက်မှုရှိကြောင်း တွေ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထိုသို့မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ မှန်ကန်မှုမရှိသည့် သတင်းအချက်အလက်များချဲ့ကားထားသည့် အချက်များကို အခြေခံ၍နိုင်ငံတကာ၏အာရုံစိုက်မှုရရှိ ရည်ရွယ်လျက် အောက်တိုဘာ ၂၅ ရက်နှင့် အောက်တိုဘာ ၂၆ ရက်တို့တွင် တတိယကော်မတီအစည်းအဝေးများ၌ ပြုလုပ်ခဲ့သည့် အပြန်အလှန်ဆွေးနွေးမှုများသည် ကုလသမဂ္ဂအနေဖြင့် ဘက်မလိုက်သော၊ ပညာရှင်ဆန်သော ယင်း၏ကိုယ်ပိုင် ၀ိသေသလက္ခဏာများကို ကိုယ်တိုင်ပြန်လည်ဖျက်ဆီးနေသည့် ဂုဏ်သရေညှိုးနွမ်းစေသော လုပ်ရပ်များသာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကုလသမဂ္ဂတွင်တန်းတူညီမျှမှုရှိရ မည်ဆိုသည့်မူဝါဒကို အဖွဲ့ဝင်နိုင်ငံများအားလုံးက ကုလသမဂ္ဂထံ အပနှင်းထားပြီး၊ ယင်းမူဝါဒများနှင့်အညီ ထိန်းသိမ်းရပ်တည်ပေးကြသော အဖွဲ့ဝင်နိုင်ငံများအား မြန်မာနိုင်ငံက ကျေးဇူးတင်ရှိကြောင်းနှင့် တစ်ချိန်တည်းမှာပင် အထက်ဖော်ပြပါချို့ယွင်းမှုများရှိသော အစီရင်ခံစာများ၊ မြန်မာနိုင်ငံကို ကိုယ်စားပြုသည့် တရားဝင်ကိုယ်စားလှယ်များ ပါဝင်ခြင်းမရှိသည့် အပြန်အလှန်ဆွေးနွေးမှုများနှင့် နိုင်ငံအချို့၏ မြန်မာနိုင်ငံပြည်တွင်းရေး စွက်ဖက်ပြောကြားချက်များကို မြန်မာနိုင်ငံက ပြင်းထန်စွာရှုတ်ချ၍ ပြတ်သားစွာကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 


READ NEXT
Cancel OK