ထိုင်းဒါရိုက်တာ Pisanthanakun နှင့် တောင်ကိုရီးယားဒါရိုက်တာ Banjong တို့ ပူးပေါင်းရိုက်ကူးထားသော သဘာဝလွန်ထိတ်လန့်သည်းဖိုဇာတ်ကား The Medium ကို ဇူလိုင် ၁၄ ရက်မှစ၍ နိုင်ငံတကာ ရုပ်ရှင်ရုံများတွင်ပြသမှုမှ ရုံဝင်ငွေ ဒေါ်လာခုနစ်သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။
ထိုဇာတ်ကားကို တောင်ကိုရီးယားရုပ်ရှင် ထုတ်လုပ်ရေးကုမ္ပဏီ Showbox နှင့် ထိုင်းကုမ္ပဏီတို့က ပူးတွဲရိုက်ကူး ထုတ်လုပ်ပေးထားခြင်းဖြစ်သည်။
The Medium ဇာတ်ကားကို ဇူလိုင် ၁၁ ရက်၌ ၂၅ ကြိမ်မြောက် Bucheon နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ပွဲဦးထွက်ပြသခဲ့ပြီး တောင်ကိုရီးယားနိုင်ငံတွင် ဇူလိုင် ၁၄ ရက်၌ ရုံတင်ပြသခဲ့ခြင်းဖြစ်သည်။
ယင်းဇာတ်ကားသည် ၂၅ ကြိမ်မြောက် Bucheon နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံးရုပ်ရှင်ဆုကို ဆွတ်ခူးရရှိခဲ့သော ဇာတ်ကားလည်းဖြစ်သည်။ လတ်တလောအချိန်ထိ The Medium ဇာတ်ကားသည် ၂၀၂၁ ခုနှစ်အတွင်း တောင်ကိုရီးယား၌ ရုံဝင်ငွေအများဆုံးရရှိထားသည့် ဇာတ်ကားအဖြစ် ရပ်တည်နေသည်။
ထိုင်းနိုင်ငံ မြောက်ပိုင်းတွင်ရှိပြီး ဝေးလံသော နယ်မြို့တစ်မြို့ဖြစ်သည့် Isan တွင် နတ်ကိုးကွယ်မှုများ ရှိနေဆဲဖြစ်သည်။ ယင်းမြို့အတွင်းရှိ ကျေးရွာတစ်ရွာတွင် နေထိုင်သော နတ်ဝင်သည်မျိုးရိုးမိသားစုမှ Nim အမည်ရှိ နတ်ဝင်သည်အမျိုးသမီး၏ ခွင့်ပြုမှုဖြင့် နတ်ဝင်သည် ဓလေ့ထုံးတမ်းများနှင့် ကိုးကွယ်မှုများကို ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့က မှတ်တမ်းရယူသည့်အကြောင်းဖြင့် The Medium ဇာတ်လမ်းကို စတင်ထားခြင်း ဖြစ်သည်။
ထိုကျေးရွာတွင် နတ်ဝင်သည်မျိုးရိုး မိသားစုများသည် ဓလေ့ထုံးတမ်းအရ မျိုးဆက်အလိုက် နတ်ဝင်သည်အဖြစ် ဆက်ခံရလေ့ရှိသည်။ နတ်ဝင်သည် မိသားစုတစ်စု၏ သမီးကြီးဖြစ်သော Noi သည် ဓလေ့ထုံးစံအရ နတ်ဝင်သည်အဖြစ် ဆက်ခံရမည်ဖြစ်သော်လည်း မဆက်ခံဘဲ ငြင်းပယ်မှုကြောင့် ညီမဖြစ်သူ Nim က နတ်ဝင်သည်အဖြစ် ဆက်ခံခဲ့သည်။ Nim သည် အိမ်ထောင်မရှိ၊ သားသမီးမရှိသူ၊ အပျိုကြီး ဖြစ်နေသည့်အတွက် Nim ၏ နေရာကို ဆက်ခံမည့်သူမရှိ ဖြစ်နေလေသည်။
Noi ၏ သမီးဖြစ်သူ Mink ကလည်း နတ်ဝင်သည် မဖြစ်လိုကြောင်း ငြင်းဆန်ထားသည်။ တစ်နေ့တွင် Noi ၏ ခင်ပွန်းဖြစ်သူ စျာပနအခမ်းအနား၌ Mink ၏ အပြုအမူများ မူမမှန်ဖြစ်နေသည်ကို အဒေါ်ဖြစ်သူ Nim တစ်ယောက် သတိထားမိသွားသောအခါ နတ်ဝင်သည်အဖြစ် ဆက်ခံရန် ငြင်းဆန်ထားသည့် Mink တွင် ဖြစ်ပွားနေခဲ့သည့် သဘာဝလွန်ဖြစ်ရပ်များ၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းအကြားရှိနေရာမှ လွှမ်းမိုးသက် ရောက်လာသော ထိတ်လန့်ချောက်ချားဖွယ် ဖြစ်စဉ်များအကြား အစဉ်အလာကြီးမားသည့် ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးတမ်းများကို The Medium ဇာတ်ကားတွင် အသည်းထိတ်ဖွယ် ကြည့်ရှုခံစားရမည်ဖြစ်သည်။
The Medium ဇာတ်ကားတွင် ထိုင်းရုပ်ရှင်သရုပ်ဆောင်အများစု ပါဝင်ထားပြီး Nim အဖြစ် Narilya Gulmongkolpech ၊ Mink အဖြစ် Sawanee Utoomma တို့က ပါဝင်သရုပ်ဆောင်ထားသည်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်