၆၆ ကြိမ်မြောက် Eurovision သီချင်းဆိုပြိုင်ပွဲကို အီတလီနိုင်ငံမြောက်ပိုင်းရှိ တူရင်မြို့တွင် ကျင်းပသွားမည်ဟု ပွဲစီစဉ်သူများက အောက်တိုဘာ ၈ ရက်တွင်ကြေညာထားပြီး နှစ်ပေါင်း ၃၁ နှစ်ကြာပြီးမှ အီတလီတွင် Eurovision ကျင်းပရန် အလှည့်ပြန်ရောက်လာခြင်း ဖြစ်သည်။
နယ်သာလန်နိုင်ငံ၊ ရော့တာဒမ်မြို့တွင် ကျင်းပခဲ့သည့် 2021 Eurovision ပြိုင်ပွဲတွင် အီတလီရော့ခ်ဂီတအဖွဲ့က ဗိုလ်စွဲထားသည့်အတွက် ၂၀၂၂ ပြိုင်ပွဲကို အီတလီက ကျင်းပခွင့်ရခြင်းဖြစ်သည်။၂၀၂၁ ပြိုင်ပွဲကို လူပေါင်း ၁၈၃ သန်း ရုပ်သံမှကြည့်ရှုခဲ့ပြီး အီတလီနိုင်ငံက တတိယအကြိမ် ဗိုလ်စွဲသွားခြင်း ဖြစ်သည်။
၂၀၀၆ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပခဲ့သည့်နေရာ၊ ရှေ့လတွင် ATP တင်းနစ်ဗိုလ်လုပွဲ ကျင်းပမည့်နေရာဖြစ်သည့် တူရင်မြို့သည် Eurovision 2022 ကျင်းပရန် အသင့်တော်ဆုံးမြို့များကို ရွေးချယ်ရာတွင် အခြား ၁၆ မြို့ကိုကျော်ပြီး အရွေးချယ်ခံထားရခြင်းလည်း ဖြစ်သည်။
ပြိုင်ပွဲကို PalaOlimpico ကွင်းတွင် ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲများကို မေ ၁၀ ရက်နှင့် ၁၂ ရက်၊ မေ ၁၄ ရက်တွင် ဗိုလ်လုပွဲကို ကျင်းပမည်ဖြစ်သည်။ နေပယ်မြို့တွင်လည်း ၁၉၆၅ ခုနှစ်က Eurovision ပွဲ ကျင်းပထားကာ ၁၉၉၁ ခုနှစ်ပြိုင်ပွဲကို ရောမမြို့တွင် ကျင်းပထားသည်။
မြို့ရွေးချယ်ရာတွင် တင်းကြပ်သည့် သတ်မှတ်ချက်များရှိပြီး ကျင်းပမည့်မြို့က လေအေးပေးစနစ်ရှိသည့် လူ ၁၀,၀၀၀ ဆံ့ ပင်မခန်းမရှိသည့်နေရာ၊ ဝန်ထမ်းများ ပြိုင်ပွဲဝင်များအတွက် အခန်းများ၊ မီဒီယာအခန်းများ ရှိသည့်နေရာ ရှိရမည်ဖြစ်သည်။
Eurovision အမှုဆောင်ကြီးကြပ်ရေးမှူး Martin Osterdahl က Alps တောင်တန်း၏ ခြေရင်းတွင် ခန့်ညားစွာ ရှိနေသည့် ယဉ်ကျေးမှုစင်တာ တူရင်မြို့သည် အသင့်တော်ဆုံးမြို့ဟု ဆိုထားသည်။
၂၀၂၁ ပြိုင်ပွဲတွင် ထူးခြားဖြစ်စဉ်အချို့လည်း ရှိခဲ့သည်။ ဘီလာရုစ်နိုင်ငံမှ ယှဉ်ပြိုင်မည့်သီချင်းသည် နိုင်ငံရေးနွှယ်နေကာ ဘီလာရုစ်ဒီမိုကရေစီ ထောက်ခံရေးလှုပ်ရှားမှုကို လှောင်ပြောင်ထားသည့်အတွက် ပြိုင်ပွဲတွင် ဝင်ပြိုင်ခွင့်မရခဲ့ပေ။ Winner ဆုရခဲ့သည့် အီတလီရော့ခ်အဖွဲ့ Maneskin မှ ဦးဆောင် အဆိုတော် Damiano David သည်လည်း ဆေးသုံးခဲ့သည်ဆိုသည့် စွပ်စွဲမှုနှင့်ကြုံခဲ့ရပြီး ဆေးစစ်ခံခဲ့ရသည်။ သို့သော် Negative သာ ပြခဲ့သည်။
Maneskin ၏ Eurovision အောင်ပွဲသည် ကိုရိုနာဗိုင်းရပ်စ်ဒဏ်နှင့် အလူးအလဲ ရင်ဆိုင်ခဲ့ရသည့် အီတလီအတွက် အောင်မြင်မှုလမ်းစကို ဖွင့်ပေးလိုက်သည်။ အီတလီသည် ယူရို ၂၀၂၀ ချန်ပီယံ ဖြစ်လာကာ အီတလီ တာတိုအပြေးသမား Lamont Jacobs သည် တိုကျိုအိုလံပစ်အမျိုးသားမီတာ ၁၀၀ ပြေးပွဲတွင် ရွှေတံဆိပ်ရထားကာ လတ်တလော ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရသွားသည့် သိပ္ပံပညာရှင်သုံးဦးထဲတွင်လည်း အီတလီမှတစ်ဦး ပါသည်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်