Top News

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၌ မှတ်ပုံတင် အင်ဂျင်နီယာလက်မှတ် အဓိပ္ပာယ် ဖွင့်ဆိုချက်တွင် ကောင်စီ၏ အသိအမှတ်ပြုခြင်း ခံရသည့် နည်းပညာသိပ္ပံ တစ်ခုခုက ထုတ်ပေးထားသည့် အသိအမှတ်ပြုလက်မှတ် ရရှိထားသူဆိုသည့်အချက် ဖြည့်စွက်၍ အမျိုးသားလွှတ
24htopnews | August 16, 2024 5:12 AM CST

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၌ မှတ်ပုံတင် အင်ဂျင်နီယာလက်မှတ် အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ကောင်စီ၏ အသိအမှတ်ပြုခြင်း ခံရသည့် နည်းပညာသိပ္ပံ တစ်ခုခုက ထုတ်ပေးထားသည့် အသိအမှတ်ပြုလက်မှတ် ရရှိထားသူဆိုသည့် အချက်ဖြည့်စွက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။

ဇန်နဝါရီ ၂၅ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ တင်သွင်းခဲ့သည်။

မူလဥပဒေကြမ်းပါ မှတ်ပုံတင်အင်ဂျင်နီယာ လက်မှတ်ဖွင့်ဆိုချက်အား ပြည်သူ့ လွှတ်တော်က ပြင်ဆင်ထားသည်မှာ ပြည်တွင်းနည်းပညာတက္ကသိုလ် တစ်ခုခုမှဖြစ်စေ၊ နည်းပညာကောလိပ် တစ်ခုခုမှဖြစ်စေ အင်ဂျင်နီယာဘွဲ့ရရှိသော သို့မဟုတ် ကောင်စီ၏ အသိအမှတ်ပြုခြင်း ခံရသည့် ပြည်ပနိုင်ငံရှိ နည်းပညာဆိုင်ရာ တက္ကသိုလ်တစ်ခုခုမှဖြစ်စေ၊ နည်းပညာဆိုင်ရာကောလိပ် တစ်ခုခုမှဖြစ်စေ အင်ဂျင်နီယာဘွဲ့ ရရှိသော မြန်မာနိုင်ငံသား အင်ဂျင်နီယာအား သတ်မှတ်ချက်များနှင့်အညီ ကောင်စီက ထုတ်ပေးသော အင်ဂျင်နီယာ လက်မှတ်ကို ဆိုလိုသည် ဟူ၍ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် အသက်မွေးဝမ်းကျောင်း ပညာရပ် သင်တန်းများကို တိုးချဲ့ဖွင့်လှစ်ရန် မူဝါဒချမှတ် အကောင်အထည်ဖော်လျက် ရှိသဖြင့် အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ ဘွဲ့ရပညာရှင်များ သာမက အခြားကျွမ်းကျင် ပညာရှင်များကိုပါ အရည်အသွေးပြည့်ဝစွာ နိုင်ငံတကာအဆင့်မီ မွေးထုတ်ပေးနိုင်ရန်အတွက် ဥပဒေကြမ်း၏ မှတ်ပုံတင် အင်ဂျင်နီယာလက်မှတ် အဓိပ္ပာယ် ဖွင့်ဆိုချက်အား “ဤဥပဒေအရ အင်ဂျင်နီယာအဖြစ် ကောင်စီတွင် စာရင်းသွင်းပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူကို လည်းကောင်း၊ ကောင်စီက အသိအမှတ်ပြုထားသော အင်ဂျင်နီယာ ပညာရပ်နှင့် သက်ဆိုင်သည့် ပြည်တွင်း သို့မဟုတ် ပြည်ပအဖွဲ့အစည်း၊ ဌာနတစ်ခုခုက ဖြစ်စေ၊ နည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံတစ်ခုခုကဖြစ်စေ ထုတ်ပေးထားသည့် အသိအမှတ်ပြုလက်မှတ် ရရှိထားပြီး သတ်မှတ်အရည်အချင်း ပြည့်မီသူကို လည်းကောင်း ကောင်စီက ထုတ်ပေးသော မှတ်ပုံတင်အသိ အမှတ်ပြု လက်မှတ်ကိုဆိုသည်” ဟု ပြင်ဆင်သင့်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။

ဥပဒေကြမ်းကော်မတီက မူလဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဋ၊ ဌ) နှင့်အခန်း ၉ ခေါင်းစဉ်တွင် ဖော်ပြထားသည့် “အင်ဂျင်နီယာ မှတ်ပုံတင်လက်မှတ်” ဆိုသည့် စကားရပ်ကို ပိုမိုပြည့်စုံမှု ရှိစေရန်အတွက် “အင်ဂျင်နီယာဆိုင်ရာ မှတ်ပုံတင်လက်မှတ်” ဟု ပြင်ဆင်သင့်ကြောင်း၊ စက်မှုလက်မှု အတတ်ပညာရှင် လူငယ်လူရွယ်များကို တိုးမြှင့်မွေးထုတ်ပေးခြင်းအားဖြင့် ယင်းတို့၏ လုပ်အားကို အသုံးပြု၍ တိုင်းပြည်၏စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး၍ အလုပ်လက်မဲ့ အချိုးအစား လျော့ကျစေခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခြင်း စသည့်အကျိုးအမြတ်များ ရရှိနိုင်ကြောင်း အစီရင်ခံစာ တင်သွင်းခဲ့သည်။

ဥပဒေကြမ်း၏ အပိုဒ် ၂၊ (ထ) မှတ်ပုံတင်ကန့်သတ် အင်ဂျင်နီယာပညာရှင်လက်မှတ် ဆိုသည်မှာ အာဆီယံ အပြန်အလှန် အသိအမှတ်ပြုခြင်းဆိုင်ရာ အစီအမံအရ သတ်မှတ်ချက်များနှင့် ကိုက်ညီသော နိုင်ငံခြားသား မှတ်ပုံတင် အင်ဂျင်နီယာပညာရှင် သို့မဟုတ် အာဆီယံအဖွဲ့ဝင်နိုင်ငံ မဟုတ်သည့် နိုင်ငံများ၏ သက်ဆိုင်ရာ မှတ်ပုံတင် အင်ဂျင်နီယာ၊ အာဏာပိုင် အဖွဲ့အစည်းက ထုတ်ပေးထားသည့် သက်တမ်းရှိ မှတ်ပုံတင် အင်ဂျင်နီယာပညာရှင် လက်မှတ်ရရှိထားသော နိုင်ငံခြားသား မှတ်ပုံတင် အင်ဂျင်နီယာပညာရှင်များကို ဤဥပဒေအရ ကောင်စီက ထုတ်ပေးသော မှတ်ပုံတင် အသိအမှတ်ပြုလက်မှတ်ကို ဆိုသည်ဟု ပြင်ဆင်သင့်ကြောင်း ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။

အပိုဒ် ၃၀ (ခ)တွင် အင်ဂျင်နီယာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ အာဆီယံ အပြန်အလှန် အသိအမှတ်ပြုခြင်းဆိုင်ရာ အစီအမံအရ သတ်မှတ်ချက်များနှင့် ကိုက်ညီသော နိုင်ငံခြားသား မှတ်ပုံတင် အင်ဂျင်နီယာ ပညာရှင်ကဖြစ်စေ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ မဟုတ်သည့် နိုင်ငံများ၏ သက်ဆိုင်ရာ မှတ်ပုံတင် အင်ဂျင်နီယာ အာဏာပိုင် အဖွဲ့အစည်းက ထုတ်ပေးထားသည့် သက်တမ်းရှိ မှတ်ပုံတင်အင်ဂျင်နီယာ ပညာရှင်ကဖြစ်စေ၊ မှတ်ပုံတင် ကန့်သတ်အင်ဂျင်နီယာ ပညာရှင်လက်မှတ် ထုတ်ပေးရန် ကောင်စီသို့ လျှောက်ထားလာပါက ကောင်စီ၏ကိုယ်စား အလုပ်အမှုဆောင်အဖွဲ့သည် လုပ်ကိုင်ခွင့်ပြုသော အင်ဂျင်နီယာပညာရပ် အမျိုးအစားနှင့် အဆင့်အတန်း၊ လုပ်ကိုင်ခွင့်ပြုသော နေရာဒေသ၊ လုပ်ကိုင်ခွင့်ပြုသော အချိန်ကာလနှင့် အခြားစည်းကမ်းများ သတ်မှတ်ပြီး လျှောက်ထားလာသူအား မှတ်ပုံတင်ကြေးနှင့် နှစ်စဉ်ကြေး ပေးသွင်းစေလျက် ဤဥပဒေအရ မှတ်ပုံတင် ကန့်သတ်အင်ဂျင်နီယာ ပညာရှင် လက်မှတ်ကို ထုတ်ပေးနိုင်သည်ဟု ပြင်ဆင်သင့်ကြောင်း ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ တင်သွင်းသည်။               

 


READ NEXT
Cancel OK