Top News

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ပြည်ထောင်စုဝန်ကြီး တွေ့ဆုံစဉ် တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် နေရပ်စွန့်ခွာ သူများအား အကူအညီပေးအပ်မှု အခြေအနေများ ထည့်သွင်းဆွေးနွေး
24htopnews | August 16, 2024 5:12 AM CST

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ တွေ့ဆုံစဉ် တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် နေရပ်စွန့်ခွာသူများအား လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ဆောင်ရွက်နေမှု အခြေအနေများ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener အား ဇန်နဝါရီ ၂၅ ရက်နံနက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မေခလာခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အနေဖြင့် ငါးကြိမ်မြောက် လာရောက်သည့်အတွက် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ပိုမိုနားလည်နိုင်မည်ဟု ယုံကြည်ကြောင်း၊ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း NVC ကတ်များ ကိုင်ဆောင်ကြရန် အားပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က NVC ကတ်ကိုင်ဆောင်ရရေးမှာ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်နှင့် ၎င်းတို့၏ အနာဂတ် မျိုးဆက်များ အပေါ်တွင် အကျိုးသက်ရောက်မှု ရှိနိုင်သည်ဖြစ်၍ အားပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် အဖွဲ့ဝင်နိုင်ငံများသို့  ပြန်လည်ရှင်းလင်း တင်ပြရမည်ဖြစ်သဖြင့် နောက်ဆုံး အခြေအနေများကို Mrs. Christine Schraner Burgener က မေးမြန်းခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ မဟာဗျူဟာ ရေးဆွဲဆောင်ရွက်နေမှု အခြေအနေ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် သတင်းအချက်အလက် အမှန်များ ပေးအပ်နိုင်ရေးအတွက် Fact – Sheet ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်သူများ၏ တိုင်ကြားစာနှင့် အသနားခံစာများကို လေ့လာစိစစ်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်က ကော်မတီဖွဲ့စည်းထားရှိမှု၊ တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် နေရပ်စွန့်ခွာသူများအား လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကြက်ခြေနီ လှုပ်ရှားမှု အနေဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ICRC နှင့် IFRC တို့က ပုံမှန်လုပ်ငန်းများအပြင် လတ်တလော အခြေအနေများတွင် နေရပ်စွန့်ခွာသူများအား ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ထောက်ပံ့ဆောင်ရွက်ပေးနေမှုများ၊ လာမည့်ရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီက သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် လုပ်ငန်းစီမံကိန်း ရေးဆွဲဆောင်ရွက်မည့် အခြေအနေများ၊ အာဆီယံနိုင်ငံများ၊ AHA စင်တာနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် ဖွံံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေနိုင်ရေး ကိစ္စရပ်များ၊ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများ အတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ ပြင်ဆင်ရေးဆွဲနေပြီး မကြာမီ အတည်ပြုနိုင်မည့် အခြေအနေများ၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးတို့အတွက် အမျိုးသားအဆင့်ကော်မတီ၊ လုပ်ငန်းကော်မတီများဖြင့် ဖွဲ့စည်းဆောင်ရွက်နေမှုအ ခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener ပါဝင်သောအဖွဲ့ ဇန်နဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက လေကြောင်း ခရီးဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် သီးခြားတွေ့ဆုံသကဲ့သို့ ရခိုင်ပြည်နယ် လွှတ်တော်မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တပ်မတော်နှင့် AA လက်နက်ကိုင်တို့၏ တိုက်ပွဲအခြေအနေနှင့် တိုက်ပွဲရှောင်ပြည်သူများ၏ အခြေအနေများအပေါ် လွှတ်တော်အနေနှင့် ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ တိုက်ပွဲရှောင်များ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အခြေအနေများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် အခြားအဖွဲ့အစည်းများ၏ ထောက်ပံ့နေမှု အခြေအနေနှင့် သွားရောက် ထောက်ပံ့ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ တိုင်းရင်းသား လူငယ်များ အလုပ်အကိုင် အခွင့်အရေးဆိုင်ရာ ပြဿနာများ၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂါလီများနှင့် ရခိုင်ပြည်နယ်အတွင်းသို့ တရားမဝင် ပြန်လည်ဝင်ရောက်နေမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။          

 


READ NEXT
Cancel OK