Top News

Gucci မိသားစု၏ အမွေဆက်ခံသူ လုပ်ကြံသတ်ဖြတ်ခံရသည့် အကြောင်း ရိုက်ကူးမည့် ဇာတ်ကားတွင် လေဒီဂါဂါ ပါဝင်မည်
24htopnews | August 15, 2024 4:13 PM CST

Gucci ဖက်ရှင်မိသားစု၏ အမွေဆက်ခံသူ Maurizio Gucci လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် အကြောင်းအား ဒါရိုက်တာ ရစ်ဒလေစကော့ ရိုက်ကူးမည့်ဇာတ်ကားတွင် လေဒီဂါဂါ ပါဝင်မည်ဟု ဟောလိဝုဒ်မီဒီယာများက နိုဝင်ဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။

A Star is Born ဇာတ်ကားတွင် ပါဝင်ခဲ့သည့် ဇာတ်ကောင်အတွက် ချီးကျူးခံခဲ့ရသည့် ဂါဂါသည် ယင်းဇာတ်ကားတွင် Maurizio Gucci ကို ကြေးစား လူသတ်သမားငှားပြီး လုပ်ကြံသတ်ဖြတ်ခိုင်းသည့် ဇနီးဟောင်း Patrizia Reggiani အဖြစ် ပါဝင်မည်ဖြစ်သည်။

Gucci ဖက်ရှင်လုပ်ငန်းတည်ထောင်သူ Guccio Gucci ၏မြေးဖြစ်သူ Maurizio သည် ၁၉၉၅ ခုနှစ်တွင် ၎င်း၏ရုံးရှေ့၌ ပစ်သတ်ခံခဲ့ရသည်။ ၎င်းသေဆုံးပြီးနောက် နှစ်နှစ်အကြာတွင် Reggiani သည် ခင်ပွန်းဟောင်း Maurizio အား သတ်ဖြတ်ရန် ခိုင်းစေခဲ့ဖြင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံခဲ့ရသည်ဟု Variety ၊ the Hollywood Reporter နှင့် Deadline တို့တွင် ဖော်ပြချက်အရ သိရသည်။ အီတလီအထက်လွှာလူတန်းစားကြားတွင် တုန်လှုပ်မှုအဖြစ်ရဆုံး ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ခဲ့မှုကြောင့် Black Window ဟု အမည်ပေးခံခဲ့ရသည့် Reggiani သည် ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံခဲ့ရသော်လည်း အီတလီအကျဉ်းထောင် တွင် ၁၈ နှစ်ကျခံခဲ့ပြီးနောက်၂၀၁၆ ခုနှစ်တွင် ထောင်မှ လွတ်မြောက်ခဲ့သည်။

စာရေးဆရာမ ဆာရာဂေးဖော်ဒန်၏ The House of  Gucci : A Sensational Story of Murder, Madness, Glamour, and Greed ဝတ္ထုကို အခြေပြုရိုက်ကူးမည့် ယင်းဇာတ်ကားတွင် ရစ်ဒလေ စကော့သည် စီစဉ်ထုတ်လုပ်သူအဖြစ်လည်း ပါဝင်မည်ဖြစ်သည်။ စကော့နှင့် လေဒီဂါဂါ၏ ပြောခွင့်ရ ပုဂ္ဂိုလ်တို့က ယင်းအကြောင်းအရာအတွက် မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။ ဇာတ်ကားဖြန့်ချိမည့်ရက်နှင့် ဇာတ်ကားအမည်ကိုလည်း အသေးစိတ်ထုတ်ပြန်ခဲ့ ခြင်း မရှိပေ။

ယင်းဇာတ်ကားသည် ဂါဂါအတွက် A Star is Born ပြီးလျှင် အဓိကအမျိုးသမီးဇာတ်ကောင် အဖြစ်ပါဝင်မည့် ဒုတိယမြောက်ဇာတ်ကား ဖြစ်လာမည်ဖြစ်သည်။ အဆိုတော်မှ သရုပ်ဆောင်ဖြစ်လာသည့် ဂါဂါသည် ဂီတဇာတ်မြူးဇာတ်ကား A Star Is Born ဖြင့် ယခုနှစ် အော်စကာဆန်ခါတင်စာရင်း တွင် အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုအတွက် လျာထားခံခဲ့ရသည်။ ဂါဂါသည် ယင်း ဇာတ်ကားတွင်ပါဝင်သည့် Shallow သီချင်းဖြင့် အော်စကာဆုပေးပွဲတွင် Original Song ဆု ရရှိခဲ့သည်။

 

 


READ NEXT
Cancel OK