နိုင်ငံတကာမှာ ထင်ရှားတဲ့သီချင်းဆို ပြိုင်ပွဲတွေရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ရယူပြုလုပ်လာတဲ့ သီချင်းဆိုပြိုင်ပွဲတွေကို ပရိသတ် စိတ်ဝင်စားမှု များပြားလာသလို ဒီပြိုင်ပွဲတွေထဲမှာ Myanmar Idol ပြိုင်ပွဲကတော့ ပရိသတ်အားပေးမှု အရှိန်မြင့်မားသလို လှုပ်ခတ်မှုလည်း ပြင်းထန်တဲ့ပွဲတစ်ပွဲလို့ ဆိုရမှာပါ။ လက်ရှိ Live Show ယှဉ်ပြိုင်မှုကို ရောက်ရှိနေပြီဖြစ်တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ အသက်အငယ်ဆုံး ပြိုင်ပွဲဝင်ဖြစ်သလို ကလေးဘဝတည်းက ပရိသတ်ချစ်ခင်အားပေးမှု ရရှိထားတဲ့ ပြိုင်ပွဲဝင် အေးမြဖြူကတော့ ပထမဆုံး Live Show ရက်သတ္တပတ်မှာလည်း ခံစားသက်ဝင်မှု အားကောင်းကောင်းနဲ့ ယှဉ်ပြိုင်ခဲ့တာကြောင့် ပရိသတ် voting ပေးအပ်မှုများစွာ ရရှိခဲ့သူ ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ အနုပညာဝါသနာပြင်းပြသူ Myanmar Idol ပြိုင်ပွဲဝင် တေးသံရှင် အေးမြဖြူရဲ့ ငယ်စဉ်ဘဝ အမှတ်တရတချို့ကို ဖော်ပြပေးချင်ပါတယ်။
တေးသံရှင် အေးမြဖြူကို ၂၀၀၃ ခုနှစ် မတ်လ ၉ ရက်မှာ ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကလေးဘဝကတည်းက တေးသီချင်းတွေကို နှစ်သက်လွန်းသူဖြစ်ပြီး သီချင်းသံတွေကြားမှာပဲ ပျော်မွေ့ကြီးပြင်းလာခဲ့သူလို့ ဆိုရမှာပါ။ အသက်ငါးနှစ်အရွယ်မှာ သီချင်းဆိုပြိုင်ပွဲမှာ စတင်ယှဉ်ပြိုင်ခဲ့ပြီး သီချင်းဆိုပြိုင်ပွဲတွေကို ဆက်တိုက်ယှဉ်ပြိုင်လာခဲ့ပါတယ်။ အသက် ခုနစ်နှစ်အရွယ်မှာတော့ ဂီတတံခါးလေးဖွင့်ပါဦး အစီအစဉ်မှာ ပြိုင်ခဲ့တဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းရဲ့ ‘ဘယ်သူ ကိုယ့်လောက်ချစ်လဲ’ သီချင်းနဲ့ ပရိသတ်အခိုင်အမာ ရရှိခဲ့ပါတယ်။
“ ငယ်ငယ်ကတည်းက သီချင်းတွေကို အရမ်းကြိုက်တယ်။ အသက် ငါးနှစ်မှာကတည်းက သီချင်းဆို ပြိုင်ပွဲတွေကို စပြိုင်နေပြီ။ ဒါပေမဲ့ အသက်ခုနစ်နှစ်မှာ ဝင်ပြိုင်ခဲ့တဲ့ မမဖြူဖြူကျော်သိန်းရဲ့ ဘယ်သူ ကိုယ့်လောက်ချစ်လဲ သီချင်းကနေပဲ ပရိသတ် သိသွားတာပေါ့။ အဲဒီသီချင်းက အသက်နဲ့ ယှဉ်ရင် အရမ်းကို ပါ၀ါကြီးနေတယ်။ ဒါပေမဲ့ အဲဒီလိုဆိုတာကိုပဲ ပရိသတ်တွေက လက်ခံခဲ့သလို ကိုယ်တိုင်လည်း ကြိုက်ပါတယ်” လို့ တေးသံရှင် အေးမြဖြူက ဆိုခဲ့ပါတယ်။
ဂီတတံခါးလေးဖွင့်ပါဦး သီချင်းဆိုပြိုင်ပွဲအပြီးမှာတော့ တော်ဝင်စင်တာမှာပြုလုပ်တဲ့ Fantastic music contest မှာ ပထမဆု ရရှိခဲ့သလို ငါးတန်းနှစ်မှာတော့ ကြယ်ကလေးများရဲ့ဂီတမိုးကောင်းကင် ပြိုင်ပွဲမှာလည်း Winner ဆု ရရှိခဲ့တယ်လို့ ဆိုပါတယ်။ တေးသံရှင် အေးမြဖြူက နှစ်တန်းကျောင်းသူ အရွယ်မှာကတည်းက သင်္ကြန်သီချင်းခွေ တစ်ခွေမှာ ပါဝင်သီဆိုခဲ့ပြီး ဒီသီချင်းကလည်း ပရိသတ်တွေကြားထဲ ပျံ့နှံ့ခဲ့ပါတယ်။ ‘တိုင်ပြောမယ်’ ဆိုတဲ့သီချင်းနဲ့ ‘ဇာတ်လမ်းပဲ’ ဆိုတဲ့ သီချင်းလေးတွေဖြစ်ပြီး ပရိသတ်တွေကြားထဲကို ပျံ့နှံ့ခဲ့တယ်လို့ ဆိုပါတယ်။
“ နှစ်တန်းကျောင်းသူအရွယ်မှာ သင်္ကြန်သီချင်းခွေတစ်ခွေမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ တိုင်ပြောမယ် ဆိုတဲ့သီချင်းရယ်၊ ဇာတ်လမ်းပဲ ဆိုတဲ့သီချင်းလေးတွေ ဆိုခွင့်ရတာက ပရိသတ်တွေကြားထဲ ပျံ့နှံ့ခဲ့သလို အခုထိလည်း အမြဲတမ်းဒီသီချင်းတွေ ဆိုနေရတုန်းပါပဲ” လို့ အေးမြဖြူက အမှတ်တရ ပြောပြခဲ့ပါတယ်။
တေးသံရှင် အေးမြဖြူက ဆို၊ က၊ ရေး၊ တီးသီချင်းဆိုပြိုင်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို မြန်မာသံစဉ်သီချင်းတွေကို စနစ်တကျ သီဆိုနိုင်ဖို့အတွက်လည်း လေ့ကျင့်ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ ကိုးတန်းကျောင်းသူအရွယ်မှာ အဆိုပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေထံမှာ လေ့ကျင့်သင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်းကိုတော့ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ဖြေဆိုခဲ့ရာမှာ သုံးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ ဂျပန်ဘာသာအထူးပြုသင်ယူခွင့်ရပြီး Myanmar Idol ဝင်ရောက်ယှဉ်ပြိုင်နေတာကြောင့် ခွင့်ယူထားရတယ်လို့လည်း ဆိုခဲ့ပါတယ်။
Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ အဆင့်ဆင့်ကျော်ဖြတ်မှုတွေ အပြီးမှာတော့ အသက်အငယ်ဆုံး ပြိုင်ပွဲဝင်အနေနဲ့ Top 11 Finalist အဖြစ် ရွေးချယ်ခံခဲ့ရတာပါ။ ပထမဆုံးပတ် Live Show ယှဉ်ပြိုင်မှုမှာလည်း ခံစားသက်ဝင်မှု အားကောင်းကောင်းနဲ့ ယှဉ်ပြိုင်ခဲ့တာကြောင့် ပရိသတ်အားပေးမှု ပိုမိုခိုင်မာစွာ ရရှိလာခဲ့သူ ဖြစ်ပါတယ်။ ပြိုင်ပွဲနဲ့ပတ်သက်တဲ့ ပြင်ဆင်မှုအပိုင်းကိုတော့ အေးမြဖြူက “ ပြိုင်ပွဲဝင်တွေထဲမှာတော့ သမီးက အသက်အငယ်ဆုံးပေါ့နော်။ အစ်ကိုတွေ၊ အစ်မတွေကလည်း အရမ်းဂရုစိုက်ပေးတော့ အင်အားဖြစ်ရပါတယ်။ ပြိုင်ပွဲမှာလည်း ကြိုးစားဖို့အတွက် ခွန်အားတွေရတယ်။ ငယ်ငယ်ကရှိထားတဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး အခု ဆရာ၊ ဆရာမတွေ သင်ကြားတာတွေလည်း မှတ်သားပြီး အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။ အားပေးတဲ့ ပရိသတ် တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်။ ငယ်ငယ်က အတွေ့အကြုံတွေရှိတယ် ဆိုပေမယ့် Myanmar Idol ပြိုင်ပွဲက အရမ်းကြီးသလို ပရိသတ် အားပေးမှုလည်း အရမ်းများတဲ့အတွက် ပိုပြီးစိတ်လှုပ်ရှားပါတယ်။ ရှေ့ဆက်ပြီး အကောင်းဆုံးကြိုးစားပါမယ်” လို့ ဆိုခဲ့ပါတယ်။
ပြိုင်ပွဲဝင် အေးမြဖြူက ဒီတစ်ပတ်မှာတော့ Myanmar Idol က ရွေးချယ်သီဆိုစေတဲ့ ရော့ခ်တေးသီချင်းနဲ့ အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်ခဲ့တာပါ။ အပတ်စဉ်တိုင်းမှာ ကြိုးစားသွားမှာဖြစ်သလို ဆိုခွင့်ရတဲ့ Theme နဲ့လိုက်ဖက်တဲ့ သီချင်းတွေကို ရွေးချယ်ပြီး ယှဉ်ပြိုင်သွားမယ်လို့လည်း ဆိုခဲ့ပါတယ်။ ပြိုင်ပွဲပြီးဆုံးသွားခဲ့ရင်လည်း ဂီတလမ်းကြောင်းပေါ်မှာတော့ ဆက်လက်လျှောက်လှမ်းနေမယ်လို့ ဆိုပါတယ်။ လက်ရှိမှာ မိဘနဲ့ခွဲနေရပေမယ့် ဂီတကိုချစ်တဲ့စိတ်၊ အတူနေရတဲ့ ပြိုင်ပွဲဝင်တွေ၊ Myanmar Idol က တာဝန်ရှိသူတွေရဲ့ အားပေးဂရုစိုက်မှုတွေနဲ့ အကောင်းဆုံးကြိုးစားနေတယ်လို့ ဆိုပါတယ်။ အခုတစ်ပတ်မှာ ဖတ်ရှုခဲ့ကြရတာကတော့ အသက်ငယ်ရွယ်ပေမယ့် ရည်မှန်းချက်ပန်းတိုင်ကို မလျှော့တဲ့ဇွဲသတ္တိနဲ့ လျှောက်လှမ်းနေတဲ့ Myanmar Idol ပြိုင်ပွဲဝင် အေးမြဖြူရဲ့ ငယ်ဘဝ အမှတ်တရတချို့ ဖြစ်ပါတယ်။ အေးမြဖြူရဲ့ ငယ်ဘဝပုံရိပ်လေးတွေကို ခံစားဖတ်ရှုရင်း လူငယ်တစ်ယောက်ရဲ့ ၀ါသနာနဲ့ ရည်မှန်းချက်အပေါ် ထားတဲ့စိတ်ဓာတ်ခွန်အားကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ပတ်မှာလည်း ပရိသတ် အားပေးမှုရရှိထားတဲ့ အနုပညာရှင်တွေပြောပြတဲ့ ငယ်ဘဝ အမှတ်တရလေးတွေကို ဖော်ပြပေးပါဦးမယ်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်