စိတ်ကူးယဉ်ဒရာမာဇာတ်လမ်းတွဲ Game of Thrones တွင် နောက်ခံပြုထားသည့် ကာလမတိုင်မီ နှစ် ၃၀၀ ကာလကို နောက်ခံထားမည့် ဇာတ်လမ်းတွဲအသစ် ရိုက်ကူးမည်ဟု HBO ရုပ်သံက အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
House of the Dragon ဟု အမည်ပေးမည့် ယင်းဇာတ်လမ်းတွဲတွင် အပိုင်း ၁၀ ပိုင်း ပါဝင်မည်ဖြစ်သည်။ စာရေးဆရာ ဂျော့အာအာမာတင်၏ Fire & Blood ဝတ္ထုကို အခြေပြုရိုက်ကူးမည်ဖြစ်ပြီး Targaryen အိမ်တော်နှင့် Westeros ၏ အစောပိုင်းနေ့ရက်များအကြောင်း အဓိကထားမည့်ဇာတ်လမ်းဟု HBO က ထုတ်ပြန်ခဲ့သည်။
House of the Dragon ဇာတ်လမ်းတွဲကို ဂျော့အာအာမာတင်၊ Ryan Condal နှင့် Miguel Sapochnik တို့က ပူးတွဲထုတ်လုပ်မည်ဖြစ်သည်။ Game of Throne ဇာတ်လမ်းတွဲတွင် နောက်ခံပြုထားသည့် ကာလမတိုင်မီ နှစ်ထောင်ကျော်ကာလကို ဇာတ်အိမ်ပြုထားပြီး နာအိုမီဝပ်အဓိကဇာတ်ကောင်အဖြစ်ပါဝင်မည့် ဇာတ်လမ်းတွဲအသစ် ရိုက်ကူးမည့် အစီအစဉ်ကို HOB က ဖျက်သိမ်းခဲ့ပြီးနောက် ယင်းကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အမည်မပေးရသေးသည့် ယင်းဇာတ်လမ်းတွဲအတွက် ရှေ့ပြေးဇာတ်လမ်းပိုင်းတစ်ခုကို ယခုနှစ်အစောပိုင်းတွင် အိုင်ယာလန်မြောက်ပိုင်း၌ ရိုက်ကူးခဲ့သည်ဆိုသော သတင်းများထွက်ရှိခဲ့သည်။ သို့သော် HBO က ယင်းဇာတ်လမ်းတွဲကို ဖျက်သိမ်းခဲ့ကြောင်း အမှုဆောင်ထုတ်လုပ်သူ ဂျိန်းဂိုးလ်မန်းက သရုပ်ဆောင်များကို အီးလ်မေးပို့ပြီး အကြောင်းကြားခဲ့သည်ဟု Hollywood Reporter က အောက်တိုဘာ ၂၉ ရက် အစောပိုင်းတွင် ဖော်ပြခဲ့သည်။ ယင်းသို့ ဖျက်သိမ်းရသည့် အကြောင်းအရင်းကို HBO က မှတ်ချက်မပေးခဲ့ပေ။ သံပလ္လင် အတွက် အာဏာယှဉ်ပြိုင်ပြီး ပဋိပက္ခဖြစ်ပွားသည့်အကြောင်း ရိုက်ကူးထားသည့် Game of Thrones ဇာတ်လမ်းတွဲသည် HBO ရုပ်သံ၏ အောင်မြင်မှုအရှိဆုံး ရုပ်သံဇာတ်လမ်းတွဲဖြစ်ခဲ့သည်။
အကြမ်းဖက်မှု၊ လိင်အသားပေးဇာတ်ဝင်ခန်းများကြောင့် ဝေဖန်မှုများရှိခဲ့သော်လည်း ယင်းဇာတ်လမ်းတွဲသည် Emmy ဆုပေးပွဲသမိုင်းတစ်လျှောက်တွင် ဆန်ခါတင်စာရင်း၌ လျာထားခံရမှုအများဆုံးဇာတ်လမ်းတွဲဖြစ်ပြီး စုစုပေါင်း ဆု ၅၈ ဆု ဆွတ်ခူးခဲ့သည်။ ယင်းဇာတ်လမ်းတွဲ၏ ဇာတ်သိမ်းဖြစ်သည့် Season 8 ကို ဧပြီနှင့် မေလအတွင်း ထုတ်လွှင့်ပြသခဲ့သည်။ ဇာတ်သိမ်းပိုင်းသည် ပရိသတ်များအကြိုက်မဟုတ်ခဲ့သော်လည်း ကြည့်ရှုသူ ၁၇.၄ သန်း အထိ မြင့်တက်ခဲ့သည်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်