Top News

အကယ်ဒမီမြင့်မြတ်နှင့် တွေ့ဆုံခြင်း
24htopnews | August 9, 2024 3:12 PM CST

အနုပညာလောကအတွင်း စတင်ဝင်ရောက်စဉ်ကတည်းကပင် ဒရာမာဇာတ်ရုပ်များ၌ ပီပြင်စွာသရုပ်ဆောင်နိုင် သူတစ်ဦးအဖြစ် ပရိသတ်လက်ခံအားပေးမှုရရှိခဲ့သည့် သရုပ်ဆောင်မြင့်မြတ်သည် အနုပညာဖြတ်သန်းမှု ကြာရှည်လာချိန်တွင် အက်ရှင်၊ ဟာသ၊ ရိုးမန့်စ်စသည့် ဇာတ်ရုပ်တိုင်း၌ ပီပြင်သူတစ်ဦးအဖြစ် ပရိသတ်ချစ်ခင်အားပေးမှုကို ရရှိထားသူဖြစ်သည်။ လတ်တလောတွင် မြင့်မြတ်အတွက် အမှတ်တရတစ်ခုဟုဆိုရမည့် ဂျင်းကောင်ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသခဲ့သည့်အပြင် မြင့်မြတ်ပါဝင်ထားသည့် ဇာတ်ကားများကိုလည်း  ဆက်တိုက်ရုံတင်ပြသရန် စီစဉ်ထားသည်။ ၂၀၁၉ ခုနှစ်အတွင်းတွင် အရည်အသွေးကို ဦးစားပေးသည့် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရန်စီစဉ်ထားကာ ငဒူဇာတ်ကားနှင့် အကယ်ဒမီမျှော်လင့်ရင်ခုန်ပေးနေသည့် ပရိသတ်များအတွက် အရမ်းမျှော်လင့်မထားရန်ပြောပြခဲ့သည့် မြင့်မြတ်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြဖြစ်ပါသည်။

မေး - ဂျင်းကောင်ဆိုတဲ့ စကားလုံးနဲ့တွဲဖက်ပြီး မြင့်မြတ်အတွက် အမှတ်တရ Mile Stone တစ်ခုဖြစ်ခဲ့တယ်လို့ ပြောလို့ရမလား။

ဖြေ - ဟုတ်ပြောလို့ရပါတယ်။ ဗိုလ်အောင်ဒင်နှင့်သူ၏ချစ်သော မိန်းမများဆိုတဲ့ဇာတ်ကားထဲမှာ ကျွန်တော့်နာမည်က အောင်ဒင်။ ကျွန်တော့်နာမည်က ဂျင်းကောင်တော့မဟုတ်ဘူး။ အဲဒီဇာတ်ကားထဲက ကာရိုက်တာက ပေါက်သွားတယ်။ အဲဒါကိုမှ ပရိသတ်က ဂျင်းကောင်ဆိုပြီး ခေါ်ကြတာပါ။

မေး - ဗီဒီယိုမှာ အရမ်းပေါက်ခဲ့တဲ့ဇာတ်ကားကို ရုပ်ရှင်အဖြစ်ပြန်ရိုက်တဲ့အခါ စိုးရိမ်မှုရောရှိခဲ့လား။

ဖြေ - တာဝန်ကြီးပါတယ်။ ဗီဒီယိုမှာ ပေါ့ပေါ့ပါးပါးရိုက်ခဲ့ပြီး ပရိသတ်တွေကြားထဲမှာ ပေါက်ခဲ့တယ်။ အဲဒါကိုပဲ ရုပ်ရှင်အဖြစ် ပြန်ရိုက်တဲ့အခါ စိုးရိမ်မှုတော့ရှိပါတယ်။ သေချာတော့အ ကောင်းဆုံးကြိုးစားခဲ့တာပါပဲ။

မေး - အခက်အခဲအနေနဲ့ဆိုရင်ရော ဘာတွေရှိခဲ့လဲ။

ဖြေ - အခက်အခဲကတော့ အဲဒီတုန်းက ဂျင်းကောင်ပုံစံစကားပြောကို မရိုက်ခင် နှစ်ရက်၊ သုံးရက်လောက် အကျင့်ပါအောင် ပြန်ပြောကြည့်ရတယ်။ တကယ်ပြောတော့လည်း တစ်ခါတလေ စကားတွေအများကြီးပြောတဲ့အခါ အရမ်းမောတယ်လေ။ အဲဒါကြောင့် ပြောပြီးသွားရင် အမလေးမောလိုက်တာဆိုတဲ့ စကားတောင် ယောင်ယောင်ပြီး ပါသွားတာမျိုးရှိတယ်။ အဲဒါပါပဲ။ ကျန်တာတော့ အရမ်းမခက်ခဲခဲ့ပါဘူး။

မေး - ဂျင်းကောင်ရုပ်ရှင်ဇာတ်ကားမှာ ဆင်ဆာမရတဲ့ ဇာတ်ဝင်ခန်းတချို့အတွက် နှမြောတယ်ဆိုတော့ အဲဒီအကြောင်းလေးလည်း ပြောပေးပါဦး။

ဖြေ - ဇာတ်ကားကိုပြန်ကြည့်တဲ့အခါတချို့ Scene တွေမရဘူး။ ဆင်ဆာဖြတ်တယ်။ ဆင်ဆာဖြတ်တဲ့ Scene တွေက တော်တော်ရယ်ရတဲ့အခန်းတွေပေါ့။ ကျွန်တော်တို့တော်တော်အားရတဲ့ ဇာတ်ဝင်ခန်းတွေပေါ့။ ဆင်ဆာဖြတ်လိုက်တဲ့အခါကျတော့ တိုးလိုးတန်းလန်းနဲ့ ဇာတ်သိမ်းလိုက်ရတဲ့့ ပုံစံမျိုးလေးတွေလည်းဖြစ်သွားတယ်။ ဆင်ဆာသာမဖြတ်ခဲ့ဘူးဆိုရင် ဒီထက်ပိုပြီးတောင် ရယ်ရဦးမယ်။ ဆင်ဆာဖြတ်လိုက်တဲ့ Scene တွေက တော်တော်ရယ်ရတဲ့ ဇာတ်ဝင်ခန်းတွေပါ။

မေး - အကယ်ဒမီပွဲလည်း နီးနေပြီဆိုတော့ အကယ်ဒမီနဲ့ပတ်သက်တဲ့ခံစားမှုက ဘယ်လိုရှိလဲ။

ဖြေ - အကယ်ဒမီအတွက်က ရင်မခုန်ပါဘူး။ အရင်နှစ်တွေလည်း ရင်မခုန်ဘူး။ ကြိုးစားဖို့က ကျွန်တော်တို့တာဝန်ပဲ။ ရတာမရတာက အစည်းအရုံးအလုပ်ပဲ။

မေး - ငဒူဇာတ်ကားနဲ့ပတ်သက်ပြီးတော့ ပရိသတ်တွေကတော့ ရင်ခုန်ပေးကြတယ်။ အဲဒီပရိသတ်တွေကို ဘာပြောချင်သေးလဲ။

ဖြေ - အရမ်းမမှန်းနဲ့လို့။ အရမ်းမှန်းရင် ရင်မောရတယ်လေ။ မှန်းပြီးမရခဲ့ရင် နေရင်းထိုင်ရင်း  စိတ်ဆင်းရဲမယ်လေ။ ရရင်တော့လည်းပျော်မယ်။ မရရင်လည်းအေးဆေးပဲ။ အဲဒီလိုပဲ သဘောထားပါတယ်။

မေး - ဒီနှစ်အကယ်ဒမီက ဇာတ်ကားအရေအတွက် အရင်ကထက်ပိုများသလို အမှတ်ပေးစည်းမျဉ်းတချို့လည်း ပြင်ထားတာတွေရှိတော့ အဲဒီအပေါ်မှာလည်း ပြောပေးပါဦး။

ဖြေ - ပြောင်းလိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေချာမသိရသေးတော့ အရမ်းတော့ မပြောတတ်ပါဘူး။ ဒီနှစ်က ဇာတ်ကားအရေအတွက်လည်းများသလို ပရိသတ်အားပေးတဲ့၊ ကျေနပ်တဲ့ဇာတ်ကားတွေလည်း များတယ်ဆိုတာလေးတွေ ပြန်ကြားရတော့ အကယ်ဒမီဆို တာထက်ကို ပိုပြီးအားရမိပါတယ်။

မေး - ဒီနှစ်မှာမြင့်မြတ်ပြောခဲ့သလိုပဲ ဇာတ်ကားကောင်းတွေ များလာတယ်ဆိုတဲ့အပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ - ဇာတ်ကားကောင်းတွေများတဲ့အတွက် အကယ်ဒမီစိစစ်အကဲဖြတ်တဲ့သူတွေလည်း တော်တော်လေးကိုခေါင်းကိုက်ရမယ့်နှစ်လို့ မြင်ပါတယ်။ ဇာတ်ကားကောင်းတွေများလာတာတော့ ကောင်းတာပေါ့။ ကြည့်ရတဲ့ပရိသတ်တွေလည်း တန်တယ်။ ရုပ်ရှင်ကိုပိုပြီးလည်း စိတ်ဝင်စားလာတယ်ပေါ့။ ကျွန်တော်တို့လည်း သိသလောက်မြင်သလောက်တော့ ရုပ်ရှင်အနုပညာဖန်တီးမှုအတွက် အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားတာပါပဲ။

မေး - ကိုယ်တိုင်က ဇာတ်ကားရိုက်တွေနဲ့ အလုပ်များတဲ့သူဆိုတော့ သားအတွက်အချိန်ပေးဖို့ကိုရော ဘယ်လိုစဉ်းစားဖြစ်လဲ။

ဖြေ - ရှုတင်ကပြန်ရင်တော့ သူ့အတွက်အချိန်ပေးဖြစ်ပါတယ်။ ကျွန်တော်တို့ငယ်ငယ်လောက် အထိဆိုရင် မိဘနဲ့သားသမီးက နည်းနည်းတော့ဟတယ်။ မိဘတွေက သားသမီးတွေကို အကြောက်တရားနဲ့ အုပ်ချုပ်တာများတယ်။ ရိုက်နှက်တာတွေဘာတွေရှိတယ်။ ကျွန်တော်ကတော့ အဲဒီလိုသိပ်မကြိုက်ဘူး။ သူဖြစ်ချင်တာ လုပ်ချင်တာ ကျွန်တော်ကတော့ မြှောက်ပေးမှာ။

မေး - ဒီနှစ်ထဲမှာရိုက်ဖြစ်မယ့် ဇာတ်ကားတွေကရော ဘယ်လိုအပြောင်းအလဲတွေရှိမလဲ။

ဖြေ - ၂၀၁၉ မှာရိုက်ဖြစ်မယ့် ဇာတ်ကားတွေက ၂၀၁၈ နဲ့တော့ သိပ်မတူဘူး။ အခုရိုက်နေတဲ့ ဇာတ်ကားဆိုရင် ရေခဲတောင်မှာ သွားရိုက်ရမှာ။ ဇာတ်လမ်းတွေကအစ သေချာပြင်ဆင်ပြီး ကိုယ့်စိတ်ကြိုက်ဖြစ်မှ ရိုက်ဖြစ်မှာမျိုးရှိတယ်။ ရိုက်ရက်ကအစ တစ်လကြာချင်လည်းကြာမယ်။ ဇာတ်လမ်းရဲ့ လိုအပ်ချက်အတိုင်း သေချာအချိန်ပေးပြီး ရိုက်ဖြစ်မှာပါ။

မေး - သဘာဝဆန်တဲ့ ဇာတ်လမ်းမျိုးတွေတော့ ပိုရိုက်ဖြစ်တယ်နော်။

ဖြေ - ကျွန်တော်က ပေပေတေတေနေလေ့ရှိတော့ သဘာဝမင်းသားလို့ခေါ်ကြတာလား မသိဘူး။ အဓိကတော့ ဇာတ်ကာရိုက်တာအတိုင်းပဲ။ မလိုအပ်ရင် မိတ်ကပ်လုံးဝမလိမ်းဘူး။ အဲဒီအတိုင်း ရိုက်တယ်။

မေး - အခုနောက်ပိုင်းသရုပ်ဆောင်တွေက ဇာတ်လမ်းကိုစိစစ်ရွေးချယ်လာသလို အချိန်သေချာပေးလာတယ်။ အဲဒီအပေါ်ဘယ်လိုမြင်လဲ။

ဖြေ - စိစစ်ရမှာဗျ။ အရင်လိုဇာတ်ကားပုံစံလောက်နဲ့တော့ မရတော့ဘူး။ ၂၀၁၉ မှာတော့ ဇာတ်ကားအရည်အသွေးကပထမပဲ။ ကားတစ်ကားကောင်းဖို့ကိုပဲ အချိန်ပေးပြီးသေချာရိုက်ရမှာပါ။ အဲဒါမှ အရည်အသွေးကောင်းတဲ့ဇာတ်ကားတွေ ပိုပြီးထွက်လာမယ်လို့မြင်တယ်။

မေး - ပရိသတ်တွေကိုပြောချင်တဲ့ စကားများရှိဦးမလား။

ဖြေ - ကျွန်တော်တို့ကို အမြဲအားပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ တစ်ကားချင်းစီတိုင်းမှာတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါတယ်။ နောက်ထပ်မတူကွဲပြားတဲ့ ဇာတ်လမ်းပုံစံတွေ အများကြီးလည်း မြင်ရဦးမှာပါလို့ ပြောချင်ပါတယ်။

 


READ NEXT
Cancel OK