ပရိသတ်တွေကို ပျော်ရွှင်မှုတွေပေးရင်း ပရိသတ်ရင်ထဲကိုရော အနုပညာလောကထဲကိုပါ တိုးဝင်လာခဲ့သူတစ်ဦးကတော့ ခင်လှိုင်ပါ။ ဟာသတွေ ပိုင်နိုင်သလို သရုပ်ဆောင် တစ်ယောက်အဖြစ်လည်း အကောင်းဆုံးလုပ်ပြနိုင်ခဲ့သူ သရုပ်ဆောင် ခင်လှိုင်ရယ်လို့ အသိအမှတ်ပြုမှုတွေ ရရှိလာသလို သရုပ်ဆောင်နယ်ပယ်မှာ ပိုပြီး နေရာ ယူလာနိုင်သူတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။ ကိုခင်လှိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေလည်း ဆက်တိုက်ဆိုသလို ရုံတင်နေပြီး ဖေဖော်ဝါရီ ၂၂ ရက် မှာ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဟီးရိုး ဇာတ်ကား ရုံတင်တော့မှာဖြစ်လို့ ကိုခင်လှိုင်နဲ့တွေ့ဆုံခိုက် သူ့အနုပညာ လှုပ်ရှားမှုတွေကို မေးမြန်းဖြစ်ခဲ့ပါတယ် . . .
မေး- ဖေဖော်ဝါရီ ၂၂ ရက်မှ ရုံတင်ပြသတော့မယ့် ဟီးရိုး ဇာတ်ကားမှာပါဝင်ထားတဲ့ ဇာတ်ရုပ်နဲ့ ဇာတ်လမ်းလေးကို မိတ်ဆက်ပေးပါဦး။
ဖြေ - ဟီးရိုးဇာတ်ကားမှာတော့ လူဆိုးတစ်ယောက်ရဲ့ ဇာတ်ရုပ်နဲ့ ပါဝင်ထားပါတယ်။ ဟီးရိုး ဇာတ်ကားလေးက အလွှာမတူတဲ့ နှစ်ယောက်ချစ်သူတွေ ဖြစ်ကြတဲ့ ဖြစ်ရိုးဖြစ်စဉ် ဇာတ်လမ်းပုံစံမျိုးဖြစ်ပေမယ့် ဇာတ်လမ်းထဲမှာ အချစ်၊ အလွမ်း၊ ဒရမ်မာ၊ အက်ရှင်စသည် ဖြင့် ရသစုံအောင် ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်း တစ်ကားလို့ ပြောရမှာပါ။ နောက်ပြီး သူငယ်ချင်းသုံးယောက်ရဲ့ချစ်ခြင်း မေတ္တာနဲ့အတူ လူဆိုးတစ်ယောက်က ချစ်မိသွားရင် ဘယ်လောက်ထိ နှလုံးသားကနူးညံ့သွားသလဲ ဆိုတာလေးကိုပြထားသလို လူ ဆိုးတစ်ယောက်ရဲ့ သူ့ ချစ်သူအပေါ်ထားတဲ့ ကတိကိုလည်း ဒီဇာတ်ကားမှာ ပြသထားတယ်။ ပရိသတ်တွေအတွက် ရသစုံပေးနိုင်မယ့် ဇာတ်ကားကောင်းလေးဖြစ်လို့ ရုံတင်တဲ့အခါမှာလည်း လာပြီး အားပေးဖို့ ဖိတ်ခေါ်ပါတယ်။
မေး - ဦးခင်လှိုင်ပါဝင်တဲ့ ဇာတ်ကားတွေ ဆက်တိုက် ရုံတင်လာတဲ့အပေါ် ဘယ်လိုခံစားရလဲ။
ဖြေ - ကိုယ်ပါဝင်ထားတဲ့ဇာတ်ကားတွေ ဆက်တိုက်ရုံတင်လာရတော့ ပျော်ရတာပေါ့။ တစ်ဖက်မှာလည်း ဆက်ရိုက်ရုံတင်နေတဲ့အတွက် ကိုယ့်ဘက်က ဇာတ်ကားတွေ လက်ခံရိုက်ကူးတဲ့အခါမှာလည်း ပြန်ပြီး တာဝန်ကြီးလာပါတယ်။ ဇာတ်ရုပ်တွေ မထပ်ရအောင်တော့ ပိုပြီး ပြင်ဆင်ကြိုးစားရပါတယ်။
မေး - ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တဲ့ 'တောက်ချလိုက်မယ်' ဇာတ်ကားအပေါ်မှာရော ဘယ်လောက်ထိ ပြီးသွားပြီလဲ။ အဲဒီကားအပေါ်မှာရော ကျေနပ်အားရမှု ဘယ်လိုရှိလဲ။
ဖြေ - 'တောက်ချလိုက်မယ်' ဇာတ်ကားက ရိုက်ကူးမှုတွေ အားလုံးပြီးသွားပါပြီ။ အခု ဆင်ဆာတက်ဖို့ လုပ်နေပါတယ်။ ရုံတင်နိုင်ဖို့ကတော့ ရုံရှင်တွေကို မပြရသေးပါဘူး။ ရိုက်ကူးတဲ့အခါမှတော့ ကျွန်တော်တတ်သလောက် တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားပြီး ရိုက်ကူးခဲ့တာဖြစ်လို့ စိတ်တိုင်းကျမှု ရှိပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ရုပ်ရှင်ရုံတွေမှာက ဇာတ်ကားပြသချိန်ကို အများဆုံးက တစ်နာရီနဲ့ ၅၅ မိနစ်ပဲဆိုတော့ ကျွန်တော်ပြချင်တာတွေကို ပြနိုင်ဖို့အတွက် နည်းနည်းတော့ အခက်အခဲဖြစ်နေတာပေါ့။ အဲဒီပြသချိန်အတွင်းမှာ ဇာတ်ကားကိုပြန် ပြီးတည်းဖြတ်ရတာတွေများတော့ အဲဒီအပေါ်မှာ ကိုယ့်ဇာတ်လမ်းလုံအောင်လို့ပြန်ပြီး လုပ်ရတာတွေတော့ ရှိတာပေါ့။
မေး - ဇာတ်ကား ရိုက်ကူးမှုတွေအပြင် အခြားလုပ်ဖြစ်နေတဲ့ အနုပညာ လှုပ်ရှားမှုရှိရင်လည်း သိပါရစေ။
ဖြေ - ကျွန်တော်က အခု 'ဇဝန' မီဒီယာဆိုပြီး လုပ်နေတာရှိပါတယ်။ 'ဇဝန' ဆိုတာကတော့ ဟာသဉာဏ်ပေါ့။ အဲဒီမှာက စင်ပေါ် မှာ တောင်ရှည်နဲ့ လူရွှင်တော်အဖြစ်တင်ဆက်တဲ့ ဟာသပညာရှင်တွေတင်မဟုတ်ပဲ ရုပ်ရှင်ဘက်က ဟာသသရုပ်ဆောင်တွေ၊ ဟာသဇာတ်ညွှန်း၊ ဒါရိုက်တာ စတဲ့သူတွေ ထဲက အသက်ကြီးပြီး အလုပ်မလုပ်နိုင်တော့တဲ့ သူတွေအတွက် အဓိကရည်ရွယ်ပြီးတော့ အစီအစဉ်လေးတစ်ခု စ လုပ်မှာပါ။ အဲဒါကတော့ တစ်လမှာ တစ်ယောက်မဲနှိုက်မယ် ပြီးရင် အဲဒီလူအတွက် ကျွန်တော်က သီးသန့် တစ်သိန်း၊ ကျွန်တော့်မီဒီယာက တစ်သိန်း အပြင် ကျွန်တော်တို့ကို ကူညီမယ့် ဘဏ်နဲ့ အခြား လှူမယ့်သူတွေပါလာမယ်။ အဲဒီ လူတွေရဲ့အလှူငွေတွေနဲ့အတူ ပါဝင် လှူဒါန်းချင်တဲ့သူတွေကို ဖိတ်ခေါ်ပြီး အလှူငွေ ကောက်ခံပေးသွားမယ်။ အဲဒီမှာလှူဒါန်း တဲ့ငွေက အနည်းဆုံး သုံးသိန်းမတည်ငွေကနေ ၀ိုင်းလှူတဲ့ သူတွေအပေါ်မူတည်ပြီး တစ်ရက်တည်း ၁၀ သိန်းဖြစ်ရင်လည်း ဖြစ်မယ် အဲဒါကတော့ အလှူခံပုဂ္ဂိုလ်ရဲ့ ကံပေါ့။ မဲပေါက်တဲ့သူဆီကို လတစ်လရဲ့ ပထမဆုံး ၁ ရက်မှာသွားပြီး လှူမယ်။ လှူတဲ့အခါမှာလည်း စုရပ် တစ်ခုလုပ်ပြီး လိုက်နိုင်တဲ့သူ တွေလိုက်ပေါ့။ ကျွန်တော်တို့ မီဒီယာကနေ အဲဒီ လှူဒါန်းမှုကို မှတ်တမ်းလည်းရိုက်မယ့် Facebook ကနေပြီးတော့လည်း Live လွှင့်မယ်။ နောက်ပြီး အဲဒီဆရာကြီးရဲ့ ဘဝ ဖြတ်သန်းမှု၊ အနုပညာဖြတ်သန်းမှုတွေကို ကျွန် တော်က မေးပြီး မှတ်တမ်းလေးရိုက်မယ်။ ပြီးရင် သူနဲ့ကျွန်တော်နဲ့ ရယ်စရာလေးတွေ ပြောကြမယ်ပေါ့။ ကျွန်တော်တို့က အစီအစဉ်လေးတစ်ခုရိုက်ရင်းနဲ့ လှူဒါန်းသွားမယ်ပေါ့။ အဲဒီအစီအစဉ်အတွက် ပထမဆုံး အနေနဲ့ လူရွှင်တော်အသင်း(ရန်ကုန်)က နေ ပြီး နာမကျန်းဖြစ်နေတဲ့ သက်ကြီးလူရွှင်တော် စာရင်းတောင်းထားပါတယ်။ အဲဒီ လူတွေကို အရင်စပြီး ဒီအစီအစဉ်မှာ ပါဝင်စေမှာပါ။ ပထမဆုံး အစီအစဉ် အတွက် ဖေဖော်ဝါရီ ၂၅ ရက်မှာ မဲနှိုက်ပါမယ်။ မဲ ပေါက်တဲ့သူတွေ ကတော့ နောက်လ တွေမှာပါတော့မှာ မဟုတ်ပါဘူး။ ဒီ အစီအစဉ်လေး နေပိုပြီးတော့ လှူဒါန်းသူတွေများ လာပြီ။ ရန်ပုံငွေ အင်အားပိုများလာ ပြီဆိုရင်တော့ တစ်လကိုနှစ်ယောက် ဖြစ်ရင်လည်း ဖြစ်သွားမှာပါ။ အခု ကတော့ ကျွန်တော့် ရဲ့'ဇဝန' မီဒီယာ ကနေစပြီး လုပ်မယ့် အစီအစဉ်ပါ။ နောက်ပိုင်း အောင်မြင်ခဲ့ရင် ရန်ကုန် အပြင် မန္တလေး၊ မော် လမြိုင်စတဲ့ အခြား မြို့တွေကိုပါ ဆက်သွားဖို့ စီစဉ်ထားပါတယ်။
မေး - ' ဇဝန' မီဒီယာကနေ အဲဒီအစီအစဉ်အပြင် အခြားရော ဘယ်လိုတွေလုပ်ဆောင်သွားဖို့ရှိမလဲ။
ဖြေ - ' ဇဝန' မီဒီယာကနေ ဟာသနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေအားလုံး တင်ဆက်ဖို့ စီစဉ်ထားပါတယ်။
မေး - အားပေးနေတဲ့ ပရိသတ်တွေအတွက် စကား လက်ဆောင်လေးပြောပေးပါဦး
ဖြေ - အနုပညာ အလုပ်တစ်ခုလုပ်တိုင်းမှာ ကျွန်တော် တတ်သလောက် အကောင်းဆုံး ကြိုးစားပြီးလုပ်ပါတယ်။ မသိသေးတာတွေလည်း ဆက်ပြီးလေ့လာဆည်းပူးနေပါတယ်။ ကျွန်တော့်ရဲ့ ကြိုးစားမှုတွေ အရာထင်အောင် အားပေးနေကြတဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်