ရုပ်ရှင်ဇာတ်ကားတစ်ကား အနုပညာ ရသပြောင်မြောက်စွာဖန်တီးပြီး ကြည့်ရှုသူပရိသတ်တွေရဲ့နှလုံးသားဆီ ရယူ သိမ်းပိုက်နိုင်ဖို့က ဇာတ်ကားဖန်တီးမှုမှာ ပါဝင်ပတ်သက်သူတိုင်းရဲ့ ကြိုးစား အားထုတ်မှုတွေနဲ့ အချိုးကျကျပေါင်းစည်းမှုကသာ အရေးကြီးဆုံးဖြစ်ပါတယ်။ ဒီလိုဇာတ်ကားတစ်ကားမှာ ပါဝင်သူတိုင်းရဲ့အခန်းကဏ္ဍက အရေးပါတာကို မီးမောင်း ထိုးပြလိုက်နိုင်သူတစ်ဦးရှိနေပါတယ်။ ပရိသတ်မုန်းစေတဲ့၊ စိတ်ပျက်ဒေါသထွက်စေတဲ့ အမူအရာတွေကို သဘာဝကျကျ ဟန်ပန်အမူအရာတွေနဲ့ သရုပ်ဆောင်ခဲ့တဲ့ ‘ဥပါယ်တံမျဉ်’ ဇာတ်ကားထဲက သိန်းစိုး ဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သူ သရုပ်ဆောင်အောင်မြင့်မြတ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုလာရောက်ရိုက်ကူးနေတဲ့ Line Walker 2 မှာ ပါဝင်ခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။ အနုပညာကို ၀ါသနာကြီးလွန်းသူ၊ အခက်အခဲတွေကြားကပဲ ကိုယ်ယုံကြည်ရာ လမ်းကိုလျှောက်ခဲ့သူ လူငယ်သရုပ်ဆောင်သစ် အောင်မြင့်မြတ်ပြောပြခဲ့တဲ့ ငယ်စဉ်ဘဝရဲ့ အမှတ်တရပုံရိပ်တွေကို အခုတစ်ပတ်မှာ ဖော်ပြပေးချင်ပါတယ်။
‘ဥပါယ်တံမျဉ်’ ဇာတ်ကားတစ်ကားတည်းနဲ့ ပရိသတ်အခိုင်အမာရရှိသွားခဲ့တဲ့ သရုပ်ဆောင် အောင်မြင့်မြတ်က ရန်ကုန်ဇာတိဖြစ်ပါတယ်။ မွေးချင်းမရှိဘဲ တစ်ဦးတည်းသောသားဖြစ်ပြီး ငယ်စဉ်ကတော့ ကစားမက်သူ တစ်ယောက်ဖြစ်တယ်လို့ဆိုပါတယ်။ ငယ်စဉ်ဘဝရဲ့အမှတ်တရတစ်ခုကတော့ ဆန်အိတ်ပေါ်ကနေ ကစားရင်း ခုန်ချခဲ့တာကြောင့် ဆိုင်ကယ်ဘီးနံပါတ်ပြားနဲ့ တိုက်မိပြီးနဖူးမှာ သေရာပါ အမာရွတ်တစ်ခုဖြစ်စေခဲ့တာပါ။ အောင်မြင့်မြတ်က ငယ်စဉ်ကလေးဘဝတည်းက ငိုနေတဲ့အချိန် တီဗွီပြလိုက်ရင် အငိုတိတ်သွားတဲ့အထိ အနုပညာကို သဘောကျခဲ့တယ်လို့ဆိုပါတယ်။
‘‘ကျွန်တော် ငယ်ငယ်ကတည်းက ရုပ်ရှင်တွေလည်း အရမ်းကြိုက်သလို စာဖတ်ရတာလည်း ကြိုက်တယ်။ ဘယ်လောက်ပဲငိုနေပါစေ တီဗွီပြလိုက်ရင်အငိုတိတ်သွားတာပဲ။ ရုပ်ရှင်တွေထိုင်ကြည့်နေရရင် ပျော်နေတာပဲ။ အဲဒါတွေကတော့ ငယ်ငယ်ကတည်းက သိတာပါ။ စာဖတ်တတ်ပြီဆိုကတည်းကလည်း စာအုပ်တွေအရမ်းဖတ်တယ်။ ရွှေသွေးတွေစဖတ်တယ်။ အဲဒီနောက် ဒဂုန်ရွှေမျှားတို့ ရွှေဥဒေါင်းတို့ဖတ်တယ်။ အဲဒီကနေမှ အခြားဝတ္ထုတွေ ဆက်ဖတ်တယ်။ အဲဒီလောက်ထိ စာဖတ်ဝါသနာကြီးတယ်’’လို့ အောင်မြင့်မြတ်က ငယ်စဉ်ဘဝ ဖြတ်သန်းမှု ပုံရိပ်တချို့ကိုဆိုပါတယ်။
ပညာရေးနဲ့ပတ်သက်လို့တော့ စာတော်တဲ့အထဲမှာ မပါဘူးလို့ ဆိုပါတယ်။ မူလတန်းကနေ တက္ကသိုလ်ဝင်တန်း အောင်မြင်ချိန်အထိ အ.ထ.က(၄)မင်္ဂလာတောင်ညွန့်ကျောင်းမှာ တက်ရောက်ခဲ့သလို ဆယ် တန်းအောင်မြင်ပြီးချိန်မှာတော့ G.T.C နဲ့ G.T.I တွေ ဆက်တက်ဖြစ် တယ်လို့ဆိုပါတယ်။ ဒီနောက်မှာတော့ Physics အဓိကနဲ့ ကျောင်းဆက်တက်ပြီး ဘွဲ့ရခဲ့တယ်လို့လည်း ပြောပြခဲ့ပါတယ်။
‘‘ငယ်ငယ်က စာညံ့တဲ့အထဲ ပါတယ်လို့ ပြောလို့ရတယ်။ စာဖတ်လိုက် ရုပ်ရှင်ကြည့်လိုက် လုပ်နေတာ များတယ်လေ။ သီချင်းဆိုရတာလည်း ၀ါသနာပါတော့ သီချင်းတွေလည်း အရမ်းနားထောင်ဖြစ်တယ်။ အဲဒီတော့ ကျောင်းစာကို သေချာမကြိုးစားဘူး။ အဆင့်က နောက်ရောက်နေတာများတယ်’’ လို့ အောင်မြင့်မြတ်က ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။
အောင်မြင့်မြတ်ရဲ့အနုပညာခြေလှမ်းအစကတော့ ဂီတလမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့ခြင်းပါ။ သူငယ်ချင်းတွေနဲ့အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး သီချင်းတွေဆိုဖြစ်သလို Jam It ပွဲတွေမှာ ပါဝင်သီဆိုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အလုပ်လုပ်ရင်းနဲ့ ဂီတလမ်းကြောင်းပေါ် လျှောက်ခဲ့ရတာဖြစ်တာကြောင့် အခွေထွက်တဲ့အထိ မလုပ်နိုင်ခဲ့ဘူးလို့ အောင်မြင့်မြတ်က ဆိုပါတယ်။ ဒီနောက်မှာတော့ Audio engineering သင်တန်းတက်ရောက်ပြီး 5 Plus ရုပ်သံလိုင်းမှာ အသံဖမ်းလုပ်ငန်း ဝင်ရောက်လုပ်ကိုင်ခဲ့တယ်လို့လည်း ဆက်လက်ပြောပြခဲ့ပါတယ်။ ဒီလို ဝင်ရောက်လုပ်ကိုင်နေရင်းကပဲ ရုပ်ရှင်နယ်ပယ်ကသူတွေနဲ့ စတင်သိကျွမ်း ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။
‘‘ပထမဆုံး ဇာတ်ကားကကို သည်ခေတ်နေရိုက်တဲ့ သေမင်းတည်ခင်းတဲ့ညစာ ဆိုတဲ့ သရုပ်ဆောင်အသစ်တွေနဲ့ ရိုက်တဲ့ဇာတ်ကားပါ။ အဲဒီဇာတ်ကားမှာ ပါရမယ်ဆိုတော့ အလုပ်ပါထွက်ပြီး ဒါပဲ လုပ်မယ်ဆိုပြီးလုပ်ဖြစ်ခဲ့တာ။ အဲဒီဇာတ်ကားကတော့ အခုထိမပြရသေးဘူးပေါ့။ အဲဒီနောက်မှာ မခရစ်(စ်)တို့ ‘ဥပါယ်တံမျဉ်’ ဇာတ်ကားအတွက် Casting ခေါ်နေတာတွေ့တော့ ဝင်ပြီးလျှောက်ဖြစ်ခဲ့တာပါ။ ဥပါယ်တံမျဉ်ဇာတ်ကားက ဒုတိယမြောက်ဇာတ်ကားလို့ပြောရမှာပါ’’ဟု အောင်မြင့်မြတ်က အမှတ်တရ ဆိုပါတယ်။
‘ဥပါယ်တံမျဉ်’ ဇာတ်ကားရဲ့ Casting ရွေးချယ်မှုမှာ ရွေးချယ်ခံရပြီးမှသာ ကိုယ်ပါဝင်ရမယ့် ဇာတ်ကောင် သိန်းစိုးနဲ့ပတ်သက်လို့ သိခွင့်ရတယ်လို့ဆိုပါတယ်။ ဒီနောက်မှာတော့ Acting Coach Therry Bleu နဲ့ Acting ပိုင်းဆိုင်ရာ သင်ယူလေ့လာခဲ့ရပါတယ်။ pre production ကာလ နှစ်လလောက် ပြင်ဆင်ပြီးမှ ပါဝင် သရုပ်ဆောင်ခဲ့ရတာပါလို့ ဆိုပါတယ်။
ဗီလိန်ဇာတ်ရုပ်နဲ့ ပတ်သက်လို့ခံစားချက်ကိုတော့ ‘‘ဗီလိန်မို့လို့ စိုးရိမ်တာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ ဒီဇာတ်ရုပ်က တစ်ကားလုံးရဲ့ main လို့လည်းပြောလို့ရတယ်။ အရေးကြီးတဲ့ ဇာတ်ရုပ်ပေါ့။ အဲဒီအတွက် ကျွန်တော်လုပ်နိုင်ပါ့မလားဆိုပြီး စိတ်ပူတာတော့ရှိတယ်။ ဒါပေမဲ့ မခရစ်(စ်)က စိတ်မပူနဲ့ အဆင်ပြေသွားလိမ့်မယ်ဆိုတာနဲ့ပဲ အတတ်နိုင်ဆုံးကြိုးစားမယ်ဆိုပြီး ယုံကြည်ချက်အပြည့်နဲ့ အားထုတ်ခဲ့တာပါ။ acting coach က သင်ကြားလေ့ကျင့်ပေးတဲ့အတိုင်းပဲ သရုပ်ဆောင်ရတယ်။ ရိုက်တဲ့အချိန်မှာ မခရစ်(စ်)က လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးတယ်။ အဲဒါကြောင့်လည်း ပိုပြီးအဆင်ပြေသွားတာပါ’’လို့ အောင်မြင့်မြတ်က ဆိုပါတယ်။
သရုပ်ဆောင်အောင်မြင့်မြတ်က ဟောင်ကောင်က လာရောက်ရိုက်ကူးတဲ့ ‘ Line Walker 2 ’ ဇာတ်ကားမှာလည်း ပါဝင်ခွင့်ရခဲ့ပါတယ်။ Casting ဝင်လျှောက်ဖြစ်တာကနေ ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး ကမ္ဘာကျော်သရုပ်ဆောင်နဲ့ တွဲဖက်ပါဝင်ခွင့်ရခဲ့တာကြောင့် အရမ်းဂုဏ်ယူကျေနပ်ရသလို ကမ္ဘာကျော်ဇာတ်ကားမှာ ပါဝင်ခွင့်ရတာဖြစ်တာကြောင့် အစိတ်အပိုင်း သေးသေးလေးပေမယ့် ကျေနပ်ပါတယ်လို့ဆိုပါတယ်။ မကြာမီကျင်းပတော့မယ့် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာလည်း ‘ဥပါယ်တံမျဉ်’ ဇာတ်ကားထဲက ဗီလိန်ဇာတ်ရုပ်ကို သိန်းစိုးနဲ့ ပရိသတ်များက အကယ်ဒမီ မျှော်လင့်ရင်ခုန်ခြင်း ခံရသူလည်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ ပရိသတ်တွေ ကျေနပ်အားပေးတယ်ဆိုတာနဲ့တင် ပျော်ရွှင် ကျေနပ်ရပါတယ်လို့လည်း ဆိုခဲ့ပါသေးတယ်။
အောင်မြင့်မြတ်က ရုပ်သံဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ထပ်မံ ပါဝင်ခွင့်ရရှိထားသူပါ။ မတ်လထဲမှာလည်း တိုကျိုမှာကျင်းပမယ့် Tokyo Marathon မှာ ပါဝင်သွားမှာ ဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာ ကြိုးစားအားထုတ်မှုတွေနဲ့ သရုပ်ဆောင်အောင်မြင့်မြတ်ရဲ့ ငယ်စဉ်ဘဝ အမှတ်တရ လှုပ်ရှားမှုတွေကို အခု တစ်ပတ်မှာ တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား
-
ဖိလစ်ပိုင်မြောက်ပိုင်းတွင် တိုင်ဖွန်းအူဆာဂီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်းထောင်နှင့်ချီ ဘေးလွတ်ရာရွှေ့ပြောင်း
-
ဆော်လမွန်ကျွန်းနိုင်ငံအနီးတွင် ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်း တွေ့ရှိ