Top News

နိုဝင်ဘာလလယ်တွင် ပြုလုပ်မည့် Memory Film Festival သို့ ပြင်သစ်ထိပ်တန်းမင်းသမီး Isabelle Huppert တက်ရောက်မည်
24htopnews | August 5, 2024 6:12 AM CST

နိုဝင်ဘာလလယ်တွင် ပြုလုပ်မည့် Memory Film Festival သို့ ပြင်သစ်ထိပ်တန်းမင်းသမီး Isabelle Huppert တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ Memory Film Festival ကို ခုနစ်ကြိမ်မြောက်အဖြစ် ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၅ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်ကာ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဂန္ထဝင်ဇာတ်ကားကောင်းများကို ရွေးချယ်ပြသမည် ဖြစ်သည်။ ကမ္ဘာ့အမွေအနှစ် ရုပ်ရှင်ပွဲတောဖြစ်သည့်အတွက် နိုင်ငံအသီးသီးက ထိန်းသိမ်းထားသည့် ဂန္ထဝင်ဇာတ်ကားကောင်းများ ရွေးချယ်ပြသရန် စီစဉ်ထားခြင်း ဖြစ်သည်။

Memory Film Festival သို့ တက်ရောက်မည့် ပြင်သစ်သရုပ်ဆောင် Isabelle Huppert မှာ ဥရောပ၊ အာရှနှင့် အမေရိကန်နိုင်ငံတို့တွင် ထင်ရှားသည့် သရုပ်ဆောင်တစ်ဦးဖြစ်ကာ ဇာတ်ကားပေါင်း ၁၂၀ ကျော်တွင် သရုပ်ဆောင်ခဲ့သူဖြစ်သည်။ထိပ်တန်းဒါရိုက်တာများစွာနှင့် လက်တွဲ၍ ရိုက်ကူးခဲ့ဖူးသူ ဖြစ်သည်။ Isabelle Huppert မှာ ကန်းစ်ရုပ်ရှင်ပွဲတော်၊ အော်စကာဆုပေးပွဲ၊ ရွှေကမ္ဘာလုံးဆုပေးပွဲ စသည့် ရုပ်ရှင်ဆုပေးပွဲများစွာတွင် ဆန်ခါတင်စာရင်းပါဝင်ခဲ့ကာ ဆုများလည်းရရှိထားသူ ဖြစ်သည်။ ကန်းစ်ရုပ်ရှင်ပွဲတော်တွင် Best Actress ဆု နှစ်ကြိမ်တိုင်ရရှိခဲ့ကာ ၂၀၀၉ ခုနှစ်တွင် President of the Jury အဖြစ် ပါဝင်ခွင့်ရခဲ့သူလည်း ဖြစ်သည်။

Memory Film Festival မှာမြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ခုနစ်ကြိမ်မြောက်အဖြစ် ပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ပါဝင်ပြသမည့် နိုင်ငံအလိုက် ဇာတ်ကားများ၏စာရင်းများနှင့် ပြသမည့်အချိန်များအား အသေးစိတ် ထုတ်ပြန်ကြေညာသွားမည်ဟု သိရသည်။ ထို့အပြင်လေ ဟာပြင်ရုပ်ရှင်ပြသခြင်း အစီအစဉ်ကိုလည်း ထည့်သွင်းပြုလုပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ Memory Film Festival ၏ အစီအစဉ်တစ်ခုဖြစ်သည့် Myanmar Script Found အစီအစဉ်အတွက်လည်း ပြိုင်ပွဲဝင်ဇာတ်ကား စီမံချက်များ ဖိတ်ခေါ်ထားကာ ယင်းစီမံချက်တွင် ရွေးချယ်ခံရသည့် ဆန်ခါတင်ဇာတ်ကားများ စာရင်းအား ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။

ရုပ်ရှင်ပွဲတော်ကာလအတွင်း ကျင်းပမည့် ဆွေးနွေးပွဲသို့ ဆန်ခါတင်ဇာတ်ကားဆုရှင်များ တက်ရောက်နိုင်မည်ဖြစ်ကာ အကောင်းဆုံးဇာတ်ကား စီမံချက်အား ရွေးချယ်မည် ဖြစ်သည်။

 


READ NEXT
Cancel OK