Top News

မိဘဘိုးဘွားရဲ့ အနုပညာအမွေကို လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့သူ သရုပ်ဆောင် ကျော်ကျော်ဗိုရဲ့ ငယ်ဘဝဖြတ်သန်းရာ
24htopnews | August 3, 2024 7:12 PM CST

မိဘဘိုးဘွားတို့ရဲ့ အနုပညာအမွေကို လက်ဆင့်ကမ်း သယ်ဆောင်လာပြီး အနုပညာလောကထဲမှာ အောင်မြင်စွာ ရပ်တည်သူ အနုပညာရှင်များစွာ ရှိနေပါတယ်။ ဒီလိုအနုပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ကျော်ကျော်ဗိုရဲ့ ငယ်ဘဝဖြတ်သန်းမှု အမှတ်တရပုံရိပ်တွေကို ဖော်ပြပေးချင်ပါတယ်။
 
ဇာတ်သဘင်မျိုးရိုးက ဆင်းသက်လာတဲ့ ငယ်ဘဝ
သရုပ်ဆောင်ကျော်ကျော်ဗိုက ဇာတ်သဘင်သမိုင်းမှာ အထင်ကရရှိလှတဲ့ အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်ရဲ့ မြေးဖြစ်ပြီး မင်းသားဦးဝင်းဗိုလ်နဲ့ ဒေါ်ခင်သန်းမြင့်တို့ရဲ့ သားပါ။ ဘကြီးဖြစ်သူက သရုပ်ဆောင် အကယ်ဒမီဦးညွန့်ဝင်းဖြစ်ပြီး ဦးလေးဖြစ်သူက မင်းသားဦးချမ်းသာ ဖြစ်တာကြောင့် အနုပညာမျိုးရိုး စစ်စစ်က ဆင်းသက်လာသူ တစ်ဦးလို့ ဆိုရမှာပါ။ “ကျွန်တော်ငယ်ငယ်ကတော့ သူများလို သူလိုကိုယ်လိုပါပဲ။ ထူးခြားတာကတော့ အနုပညာမျိုးရိုးထဲ ကြီးပြင်းလာသူဆိုတော့ ဒါတွေကိုတော့ အမြဲလိုထိတွေ့ နေရတယ်။ ဇာတ်စင်ဆိုလည်း မကြောက်ဘူး။ ငယ်ငယ်က ကိုယ်လိုချင်လို့ပူဆာတဲ့ အရုပ်တွေများတော့ မိဘက ကိုယ်ပိုင်ပိုက်ဆံနဲ့ ဝယ်ရမယ်လို့ ပြောတဲ့အခါ ပိုက်ဆံရဖို့အတွက် စင်ပေါ်တက်ပြီး ဖျော်ဖြေရမယ်ဆိုလည်း တက်လိုက်တာပဲ။ အနုပညာက ကျွန်တော့်သွေးသားထဲမှာ ငယ်စဉ်ကတည်းက လှည့်ပတ်စီးဆင်း နေတယ်လို့ ဆိုလို့ရပါတယ်” လို့ ကျော်ကျော်ဗိုက ပြောပြပါတယ်။
အနုပညာဖြတ်သန်းမှုများရဲ့အစ
ကျော်ကျော်ဗိုက တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာတော့ မစ္စတာဂစ်တာကဖေးမှာ သီချင်းဆိုတဲ့ အလုပ်ကို လေးနှစ်ကြာ လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မိဘအမွေကို လက်ဆင့်ကမ်းတဲ့အနေနဲ့ ဇာတ်သဘင်အဖွဲ့မှာ ပါဝင်ကပြခဲ့ပါတယ်။ အောင်မြင်တဲ့ ပြဇာတ်များစွာ တင်ဆက်ပြီးတဲ့ နောက်မှာတော့ မိခင်ဖြစ်သူ အမှတ်တရ ရိုက်ကူးထားတဲ့ ပြဇာတ်ကပြမှု ပုံရိပ်တွေက ပရိသတ်တွေလက်ထဲကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီလိုကတစ်ဆင့် မင်းဗီဒီယို ထုတ်လုပ်ရေးရဲ့ ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးဖို့အတွက် ကမ်းလှမ်းမှုကို ခံခဲ့ရပါတယ်။
အမူအရာပီပြင်သူအဖြစ် အသိအမှတ်ပြုခံရတဲ့ သရုပ်ဆောင်ကျော်ကျော်ဗို
သရုပ်ဆောင်ကျော်ကျော်ဗိုက ဇာတ်သဘင်လောကကနေ သရုပ်ဆောင်လောကထဲ ကူးပြောင်းရောက်ရှိ လာချိန်မှာတော့ အမူအရာပီပြင်သူ သရုပ်ဆောင်တစ်ဦး အနေနဲ့ ပရိသတ်လက်ခံ အားပေးလာခဲ့ကြပါတယ်။ ကျော်ကျော်ဗိုရဲ့ အောင်မြင်တဲ့ ဇာတ်ကားတွေဖြစ်တဲ့ ‘ပင်ပျိုမှတ်စု’၊ ‘ခဏခဏမပြောရဘူး’၊ ‘ရွှေနားတော်သွင်း ချစ်ခြင်းစကား’ စတဲ့ ဇာတ်ကားတွေမှာ သရုပ်ဆောင်မှုစွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ဟာသဇာတ်ကားတွေမှာ တစ်မူကွဲပြားတဲ့ သရုပ်ဆောင်မှုဟန်ပန်နဲ့ ဟာသအမူအရာ ပီပြင်သူတစ်ဦးအနေနဲ့ ပရိသတ်လက်ခံ အားပေးခဲ့ကြပြန်ပါတယ်။
 
နှင်းဆီအငြိမ့်ရဲ့လူရွှင်တော်
သရုပ်ဆောင် တစ်ဦးအနေနဲ့ ပရိသတ် လက်ခံအားပေးမှုခံခဲ့ရတဲ့ သရုပ်ဆောင် ကျော်ကျော်ဗိုက ဒါရိုက်တာမောင်မျိုးမင်း (ရင် တွင်းဖြစ်)စီစဉ်တင်ဆက်တဲ့ နှင်းဆီအငြိမ့် တွေမှာတော့ လူရွှင်တော်တစ်ဦးအနေနဲ့ ပရိသတ် လက်ခုပ်သံအရယူနိုင် ခဲ့ပြန်ပါတယ်။ မတူကွဲပြားတဲ့ အကြောင်းအရာ အမျိုးမျိုးအတွက် ရန်ပုံငွေဖျော်ဖြေပွဲတွေကို နှင်းဆီအငြိမ့် အဖွဲ့သားတွေက တင်ဆက်ခဲ့ကြတာပါ။
ကျော်ကျော်ဗိုက “ဒီအလုပ်က ကျွန်တော်တို့ ပရော်ဖက်ရှင်နယ် မဟုတ်တဲ့အတွက် တော်တော်လေး ပင်ပန်းပါတယ်။ ပြက်လုံးထုတ်ရတာလွယ်တာ မဟုတ်ဘူးလေ။ ပရိသတ်ရယ်ရအောင် လုပ်တယ်ဆိုတဲ့ နေရာမှာ ရယ်ရတာနဲ့ နောက်ကွယ်မှာ အကျိုးဆက်တွေ အများကြီး ရှိနိုင်တယ်။ အဲဒါတွေ မရှိလာဖို့ အတွက်လည်း အများကြီးစဉ်းစား ပြင်ဆင်ရတယ်။ နှစ်တိုင်းလည်း မကတော့ဘူးလို့ ခဏခဏ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမဲ့ အခက်အခဲ တစ်ခုခု ပရိသတ်တွေကြုံတဲ့အခါ အဲဒီဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီးတော့ နှင်းဆီအငြိမ့်ပြန်ကပြီး ရန်ပုံငွေ ရှာခဲ့ကြရတာချည်းပါပဲ” လို့ ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။
ပျော်ရွှင်အောင်မြင်တဲ့ မိသားစုဘဝ
ကျော်ကျော်ဗိုက ဇနီးဖြစ်သူ၊ သမီးငယ် ဖြစ်သူတို့နဲ့အတူ ပျော်ရွှင်အောင်မြင်တဲ့ မိသားစုဘဝလေး တည်ထောင်ထားတာပါ။ ဇနီးဖြစ်သူ ဝါသနာပါရာ ဖက်ရှင်လုပ်ငန်းကို လုပ်ကိုင်စေသလို သမီးဖြစ်သူ အတွက်လည်း ဝါသနာပါ ရွေးချယ်သွားမယ့် အလုပ်အတွက် ပံ့ပိုးပေးသွားဖို့နဲ့ အခြေအနေ အချိန်အခါအလိုက် လိုက်နာသင့်တဲ့ လူ့ကျင့်ဝတ်တွေ လေ့ကျင့်သင်ကြားပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ဆိုပါသေးတယ်။
ဇာတ်ကားရိုက်ကျဲကျဲသာ လက်ခံဖြစ်တော့မယ်
“ဇာတ်ကားရိုက်ကျဲတယ်လို့ ပရိသတ်တွေ ပြောကြတာတွေလည်း ရှိတယ်။ အဲဒါအတွက်ကတော့ အနုပညာကို တင်းပြည့် ကျပ်ပြည့်ပဲ လုပ်ချင်တာကြောင့်ပါ။ အရေအတွက်တွေ အများကြီး ရိုက်တာမျိုးထက် သေပြီးတဲ့ အချိန်အထိ နာမည်ကျန်နေမယ့် အနုပညာမျိုးပဲ ဖန်တီးချင်တယ်။ ဒါကြောင့် တစ်နှစ်လုံးနေမှ တစ်ကားပဲ ရိုက်တာလည်း ဖြစ်ချင်ဖြစ်မယ်။ နှစ်ကားပဲ ရိုက်တာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်” လို့ ကျော်ကျော်ဗိုက ဆိုပါတယ်။
လက်ရှိမှာတော့ ဒါရိုက်တာ ခင်စောမျိုးရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ကျော်ကျော်ကျော်ဗိုက သရုပ်ဆောင်နေပြီး ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးမယ့် ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။ Ride on Myanmar ရုပ်သံအစီအစဉ်ကိုလည်း အပတ်စဉ် စီစဉ်တင်ဆက်လျက် ရှိတဲ့အပြင် သရုပ်ဆောင် အကယ်ဒမီနေတိုးနဲ့ ပူးပေါင်းပြီး story book entertainment အနေနဲ့ အနုပညာ ဖန်တီးမှုတွေ တင်ဆက်လျက်ရှိတယ် ဆိုတာ တင်ပြရင်း ဒီကဏ္ဍလေးကို ခဏရပ်နားပါရစေ။           
လင်းလင်းခိုင်


READ NEXT
Cancel OK