Top News

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား All Nippon Airways လေကြောင်းလိုင်း၏ ၃၂ ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်
24htopnews | August 2, 2024 8:12 PM CST

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား All Nippon Airways လေကြောင်းလိုင်း၏ ၃၂ ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

COVID-19 တားဆီးကာကွယ်ရေး အစီအမံများကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲများဖြင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများအတွက် ၃၂ ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် NH 1941 သည် သြဂုတ် ၁၃ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

၃၂ ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်တွင် ဂျပန်နိုင်ငံသို့ ကာလတိုဗီဇာဖြင့် အလည်အပတ်လာရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်မထွက်ခွာနိုင်သူများ၊ ပညာတော်သင်များ၊ အလုပ်အကိုင် အခက်အခဲရှိသူများ၊ အလုပ်သင် သင်တန်းပြီးဆုံးသူများ၊ မှီခိုသူမိသားစုဝင်များနှင့် ဂျပန်နိုင်ငံဆိပ်ကမ်းများတွင် စောင့်ဆိုင်းနေသည့် သင်္ဘောသားများ စုစုပေါင်း ၂၆ ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို သြဂုတ် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်ကုသရေး ဗဟိုကော်မတီမှ  သတင်းထုတ်ပြန်ချက်အရ သိရသည်။

COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့်အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး အဆိုပါ ကန့်သတ်ချက်များအားလုံးကို ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ တိုးမြှင့်လိုက်ခြင်းအား ထပ်မံ၍ သက်တမ်းတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

သို့ရာတွင် အရေးပေါ် အစိုးရတာဝန်ဖြင့် ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်) အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေးလေယာဉ် (သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့် ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူ အညီတောင်းခံရမည်ဖြစ်ကြောင်း သိရသည်။   

လေကြောင်းခရီးသွားလာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ရန်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာ မှခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့်ကာလအား၂၀၂၁ ခုနှစ် သြဂုတ် ၃၁ ရက်အထိ ထပ်မံတိုးမြှင့် သတ်မှတ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ  သတင်းထုတ်ပြန်ချက်အရ သိရသည်။


READ NEXT
Cancel OK