Top News

တပ်မတော်သည် COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ပိုးတွေ့လူနာ သံဃာ ၃၄၉ ပါးနှင့် အရပ်သား ၁၅၄ ဦးကို စတင်ကုသပေးနေပြီဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောကြား
24htopnews | July 29, 2024 3:13 PM CST

တပ်မတော်သည် COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ပိုးတွေ့လူနာ သံဃာတော် ၃၄၉ ပါးနှင့် အရပ်သား ၁၅၄ ဦးကို စတင်ကုသပေးနေပြီဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

စက်တင်ဘာ ၂၆ ရက်က Video Conferencing စနစ်ဖြင့် ပြုလုပ်သော တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် COVID-19 ရောဂါနှင့်ပတ်သက်၍ တပ်မတော်၏ ဆောင်ရွက်ချက်များသည် အစိုးရနှင့်ပူးပေါင်းပြီး ဆောင်ရွက်ခြင်းလား၊ တပ်မတော်ဘက်က သီးခြားဆောင်ရွက်ခြင်းလားဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ ပထမဦးဆုံးမေးခွန်းဖြစ်တဲ့ COVID-19 နဲ့ ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုပေါ့၊ ပူးပေါင်းဆောင်ရွက်မှုကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ကျွန်တော်တို့ ဖောင်ကြီးမှာ လုပ်နေတဲ့ကိစ္စတွေ၊ လူနာတွေကို စစ်ဆေးပေးနေတဲ့ ကိစ္စရယ်၊ အခုနောက်ပိုင်းမှာ ကျွန်တော်တို့ ရန်ကုန်မှာ လေးနေရာ ဖွင့်လှစ်လိုက်ပြီးတော့ ဆောင်ရွက်ပေးနေတဲ့ ကိစ္စတွေကို ခုနက ပြောတဲ့အထဲမှာတော့ တော်တော်များများတော့ ပြည့်ပြည့်စုံစုံပါပြီး ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါပိုးတွေ့ရှိရသည့် လူနာများ များပြားလာသည့်အတွက် တပ်မတော်အနေဖြင့် အတည်ပြုလူနာများကို ကုသပေးနိုင်ရန် နေရာလေးခုကို ဆောင်ရွက်ထားပြီး မှော်ဘီရှိ တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းတွင် ၃၇၂ ဦး၊ ရဲမွန်ရှိ တပ်မတော်သင်တန်းကျောင်းတစ်ခုတွင် ၂၇၂ ဦး၊ လှိုင်မြို့နယ်ရှိ Quarantine လူနာများထားရှိသော တပ်မတော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ၁၂၀၀ ဦး၊ အင်းစိန် မင်းဓမ္မကုန်းသာသနာ့ ဗိမ္မာန်တွင် ၁၁၈ ဦး စုစုပေါင်းလူဦးရေ ၂၀၀၀ ခန့်ကို လက်ခံကုသပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ မနေ့ (စက်တင်ဘာ ၂၅ ရက်) ကတော့ မှော်ဘီမြို့ ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းမှာ အရပ်သား ၁၅၄ ဦး၊ သံဃာတော် ၁၆၁ ပါး၊ အင်းစိန်သီရိမင်္ဂလာ မဟာသာသနာ့ဗမ္မာန်မှာ သံဃာတော် ၁၈၈ ပါးတို့ကို စတင်ကုသပေးလျက် ရှိပါတယ်။ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်က သံဃာတော် အရှင်မြတ်များကို စက်တင်ဘာလ ၂၄ ရက်နေ့က တပ်မတော်က ဆေးစစ်ခဲ့ပါတယ်။ သံဃာတော်အရှင်မြတ် ၂၇၅ ပါး၊ လူပုဂ္ဂိုလ်လေးဦးမှာ ထပ်မံပြီး COVID-19 တွေ့ရှိခဲ့ပါတယ်။ ဆရာတော်ကြီးမှာတော့ ရောဂါပိုးတွေ့ရှိမှု မရှိပါဘူး။ သံဃာတော်များကို မှော်ဘီတပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းနဲ့ အင်းစိန်သာသနာ့ဗိမ္မာန်တို့မှာ တာဝန်ယူ ကုသပေးနေပါတယ်။ သံဃာတော်တစ်ပါးကိုတော့ တပ်မတော် အသည်းရောဂါကု ဆေးရုံကြီးကို ပြောင်းရွှေ့ကုသပေးနေပါတယ်။ သံဃာတော်များအနေနဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရန်ကုန်မြို့တွင်ရှိသော COVID-19 ကုသရေး ယာယီဆေးရုံနေရာများတွင် တပ်မတော်ဆေးတပ်ဖွဲ့များက ဆေးအဖွဲ့လေးဖွဲ့ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး တပ်မတော်ဆေးရုံများနှင့် စစ်မြေပြင်ဆေးတပ်ရင်းမှ အဖွဲ့သုံးဖွဲ့နှင့် တောင်ငူမြို့မှ အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ အဲဒီ အဖွဲ့တွေကတော့ ကျွန်တော် တပ်မတော်သတင်းစာ ရှင်းလင်းပွဲမှာပဲ မေလ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့ တပ်မတော်နဲ့ အရပ်ဘက် COVID-19 ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်မယ့် စီမံချက်မှာပါတဲ့ အဖွဲ့များဖြစ်ပါတယ်။ အဖွဲ့တစ်ဖွဲ့မှာ ပါရဂူဆေးမှူး ငါးဦး၊ သူနာပြုကျွမ်းကျင်သူ အရာရှိ ခုနစ်ဦး၊ အကူသူနာပြု သုံးဦး ပါဝင်ပါတယ်။ ဒီလိုအဖွဲ့မျိုး ၄၀ ကျော်လောက်ကို နိုင်ငံတစ်ဝန်းမှာ ကျွန်တော်တို့ ဧပြီလကလည်းက ဖွဲ့စည်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ရန်ကုန်မှာရှိတဲ့ ကုသရေးဌာနလေးခုမှာ ရောဂါပိုး တွေ့ရှိပြီး ရောဂါဝေဒနာလက္ခဏာမပြတဲ့ လူနာများကို ကုသပေးလျက်ရှိပါတယ်။ ရောဂါဆိုးရွားလာရင်တော့ ကုသရေးဆေးရုံများကို ပို့ဆောင်ကုသစေမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် တစ်နိုင်ငံလုံးတွင် တပ်မတော် Quarantine Centre ၁၆ ခု ဖွင့်လှစ်ထားပြီး လက်ရှိတွင် ရန်ကုန်နှင့် နေပြည်တော်တွင်သာ ဝင်ရောက်မှုများကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ Quarantine Centre တွေနဲ့ ပတ်သက်ပြီး မီဒီယာတွေ တော်တော်များများကိုလည်း ပြောခဲ့တာရှိတယ်။ Quarantine Centre ကျွန်တော်တို့ အများအားဖြင့် တစ်နိုင်ငံလုံးမှာ ၁၆ ခု ယခင်ကတည်းက ဖွင့်လှစ်ထားတာ ရှိတယ်။ အဲမှာတော့ လူဦးရေ ၈၀၀၀ ကျော်နဲ့ ၉၀၀၀ နီးပါးလောက် ဝင်ရောက်မှုရရှိနိုင်အောင် ဆောင်ရွက်ထားရှိတယ်။ အဲမှာ အခုလောလောဆယ် ဝင်ရောက်တဲ့အနေအထားကတော့ ၅၀၀ နဲ့ ၆၀၀ ကြားမှာပဲရှိတယ်။ အဓိကကတော့ နေပြည်တော်နဲ့ ရန်ကုန်မှာပဲ ဝင်ရောက်တာများပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် COVID-19 ကုသရေးဌာန (ဖောင်ကြီး) ဆေးရုံကြီးကြပ်မှု အုပ်ချုပ်ရေးကော်မတီများတွင် တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းများမှ ပါရဂူများက အဖွဲ့ဝင်များအဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆေးကုသမှု ပါရဂူ၊ မေ့ဆေးပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ ရောဂါဗေဒပါရဂူနှင့် ဆေးမှူးသူနာပြု ကျွမ်းကျင် ၄၀ ဦးပါဝင်သော အဖွဲ့များကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၄ ရက်မှစတင်၍ လက်ရှိအချိန်အထိ အလှည့်ကျစေလွှတ်ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လူနာစုစုပေါင်း ၂၁၆၇ ဦးကို ပူးပေါင်းဆောင်ရွက် ကုသပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် မေလ ၂၆ ရက်မှ လက်ရှိအချိန်အထိ ရန်ကုန်နှင့် နေပြည်တော်တွင် ရှိသော တပ်မတော်ဆေးရုံကြီးများတွင် အရပ်သား ၁၉၃၇၇ ဦးကို COVID-19 ရောဂါပိုး စစ်ဆေးပေးနိုင်ခဲ့ကာ ပိုးတွေ့လူနာ ၂၅၃ ဦးရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။


READ NEXT
Cancel OK