Top News

ဘားအံမြို့နယ် ကော့ဒါန်းမယ်ကျေးရွာသားတစ်ဦး COVID-19 ပိုးတွေ့ရှိခဲ့ပြီး ၎င်းသည် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၏ မဲဆွယ်ဟောပြောပွဲသွားရောက်ခဲ့ဟုဆိုသဖြင့် ကိုယ်စားလှယ်လောင်း သုံးဦးအပါအဝင် ဒေသခံ ၄၀ ခန့် Quarantine ဝင်ရ
24htopnews | July 29, 2024 3:13 PM CST

ဘားအံမြို့နယ် ကော့ဒါန်းမယ်ကျေး ရွာအုပ်စု ၀ါးရှူးကျေးရွာတွင် စက်တင်ဘာ ၁၉ ရက်က ပြုလုပ်သည့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ၏ မဲဆွယ်ဟောပြောပွဲသို့ သွားရောက်ခဲ့သည့် ကော့ဒါန်းမယ်ကျေးရွာသားတစ်ဦးတွင် COVID-19 ပိုးတွေ့ရှိခဲ့သဖြင့် KNDP ပါတီမှ ကိုယ်စားလှယ်လောင်းသုံးဦးအပါအဝင် ၀ါးရှူးရွာသား ၄၀ ခန့်မှာ Quarantine ဝင်နေရကြောင်း သတင်းရရှိသည်။

Quarantine ဝင်နေရသည့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) မှ ကိုယ်စားလှယ်လောင်းများမှာ ဘားအံမြို့နယ်အမှတ်(၁)  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းစေးအွာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၆) ကိုယ်စားလှယ်လောင်း နန်းလှယဉ်မေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စောမင်းဇော်ဦးတို့ ဖြစ်သည်။ 

အဆိုပါမဲဆွယ်ဟောပြောပွဲသို့ ပိုးတွေ့လူနာ ကော့ဒါန်းမယ်ကျေးရွာသားကို ဖိတ်ခေါ်ထားခြင်းမရှိကြောင်း၊ စက်တင်ဘာ ၂၀ ရက်တွင် ၎င်းသည် အနံ့မရဟုဆိုကာ ဆေးရုံပြသည်ဟု ကြားသိရကြောင်း၊ ထို့နောက် COVID-19 Positive အဖြေထွက်သည်ကို သိရကြောင်း၊ ထို့နောက် ဘားအံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက KNDP ပါတီ ဟောပြောပွဲ တက်ရောက်ခဲ့သူတစ်ဦးတွင် ပိုးတွေ့သဖြင့် ကိုယ်စားလှယ်လောင်းသုံးဦးနှင့် ရွာသားများ Quarantine ဝင်ရမည်ဟု အကြောင်းကြားလာကြောင်း၊ မိမိတို့ပါတီအနေဖြင့်လည်း မိမိတို့တွင်တာဝန်ရှိသဖြင့် Quarantine ဝင်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း Quarantine ဝင်ရောက်ရာတွင် ပါဝင်ခြင်းမရှိသည့် KNDP ပါတီ ဖာပွန်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ်လောင်း နော်သဇင်တုပ်က ပြောကြားသည်။

သို့ရာတွင် စက်တင်ဘာ ၁၁ ရက်က ပြည်နယ်ဝန်ကြီးချုပ်နှင့် NLD ပါတီဝင်များ ကော့ဒါန်းမယ်ကျေးရွာသို့ လာရောက်စဉ် အဆိုပါကျေးရွာသားသည် ချက်ပြုတ်ကျွေးမွေးမှုများပြုလုပ်ခဲ့ပြီး ထမင်းအတူစားခဲ့သည် ဟုသိရကြောင်း၊ အဆိုပါပိုးတွေ့လူနာသည် ကော့ဒါန်းမယ်ရွာမှ KNDP ပါတီ မဲဆွယ်ဟောပြောပွဲပြုလုပ်သည့် ၀ါးရှူးရွာကို ရောက်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထိုသို့ ယင်းပိုးတွေ့ရွာသားသည် ယခင်ရက်များက NLD ပါတီဝင်များနှင့် ထိတွေ့မှုရှိခြင်းနှင့် ကော့ဒါန်းမယ်ရွာသားဖြစ်သော်လည်း KNDP ပါတီကိုယ်စားလှယ်လောင်းနှင့် ၀ါးရှူးကျေးရွာသားများကိုသာ Quarantine ဝင်ခိုင်းသည့်အပေါ် မေးခွန်းထုတ်ခဲ့သဖြင့် နောက်ပိုင်းတွင် ကော့ဒါန်းမယ် ကျေးရွာသား ၃၀ ခန့်ကိုပါ Quarantine ဝင်ရန် ဆောင်ရွက်သည်ဟုသိရကြောင်း ကိုယ်စားလှယ်လောင်း နော်သဇင်တုပ်က ပြောကြားသည်။

“သူ အနံ့မရဖြစ်နေတာကို ဘာဖြစ်လို့ ကျွန်မတို့ ဟောပြောပွဲကို လာတက်လဲပေါ့။ နောက်တစ်ချက်က NLD က ဟောပြောပွဲလုပ်တော့ Social Distancing နဲ့ တစ်ယောက်ကို ခြောက်ပေအကွာနေကြတယ်ဆိုတာ ဘာနဲ့ သက်သေပြမလဲပေါ့နော်။ သူတို့ Quarantine မဝင်ရတာက သူတို့က ခြောက်ပေအကွာ နေကြတယ်ပေါ့။ နောက် သူတို့က ထမင်းအတူစားကြတယ်ဆိုတာ ကြားသိရတော့ ဒီအချက်တွေကို ကျွန်မတို့ ထောက်တော့မှ ကော့ဒါန်းမယ်ကျေးရွာက အယောက်  ၃၀ ကိုတော့ Quarantine ဝင်ရမယ်လို့ဖြစ်လာတယ်” ဟု ကိုယ်စားလှယ်လောင်း နော်သဇင်တုပ်က ပြောကြားသည်။

လက်ရှိတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးအား ဓာတ်ခွဲနမူနာ ရယူစစ်ဆေးချက်အရ COVID-19 ပိုး မတွေ့ရှိသဖြင့် ပြန်နိုင်ပြီဟု သက်ဆိုင်ရာက ပြောလာကြောင်း၊ သို့ရာတွင် မိမိတို့အား ဝန်းရံကြသည့် ရွာသူရွာသားများ၏ စစ်ဆေးချက်အဖြေ သိရမှသာ ၎င်းတို့နှင့်အတူ ပြန်မည်ဟု သိရကြောင်း ကိုယ်စားလှယ်လောင်း နော်သဇင်တုပ်က ပြောကြားသည်။

“ကျွန်မ အဓိကပြောချင်တာက အခုဖြစ်စဉ်ကလူတွေကို အထိတ်တလန့်ဖြစ်စေတယ်လို့ သုံးနှုန်းလို့ရတယ်။ တချို့ဆိုရင် NKNDP ပါတီက ဟောပြောပွဲလုပ်လို့ သွားနားထောင်ရင် နင်တို့ Quarantine မိမယ်နော်ဆိုပြီးတော့ ရယ်စရာ၊ မောစရာအနေနဲ့တောင် ပြောလာကြတယ်။ ဒါက ကျွန်မတို့ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်ကို တော်တော်လေးကို အနှောင့်အယှက်ဖြစ်စေတယ်ပေါ့နော်။ နောက် ဒေသခံတွေကိုလည်း အထိတ်တလန့်ဖြစ်စေတယ်ပေါ့နော်” ဟု နော် သဇင်တုပ်က ပြောကြားသည်။

အဆိုပါကိုယ်စားလှယ်လောင်းများမှာ ပိုးတွေ့လူနာနှင့် Close Contact Criteria တွင် ပါဝင်သဖြင့် ၎င်းတို့အတွက် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သောကြောင့်  မြို့နယ်ကျန်းမာရေးဦးစီးမှူးက လုပ်ငန်းစဉ်များ ပတ်သက်ပြီး ရှင်းပြပေးခဲ့ကြောင်း၊ ၎င်းတို့တွင်လည်း ဆက်စပ်မှုရှိနိုင်အတွက် Quarantine ဝင်မည်ဆိုကာ လက်ခံခဲ့ကြောင်း ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်က ပြောကြားသည်။

“သူတို့က ကိုယ်စားလှယ်လောင်းတွေဖြစ်နေတဲ့အတွက်၊ တခြားလုပ်ငန်းစဉ်တွေလည်းရှိနေကြတဲ့အတွက်ကို သူတို့သုံးဦးကို အရေးပေါ်ဆေးစစ်ပေးလိုက်ပါတယ်။ ဆေးစစ်ချက်အဖြေကတော့ Negative ထွက်ပါတယ်။ အမှန်က Guild Line အတိုင်းဆိုရင် သူတို့က Quarantine ၁၄ ရက်နေရဦးမှာပါ။ နောက်ဆုံး ကျွန်တော်တို့ ကြားသိရကတော့ သူတို့အပြင်ပြန်ထွက်သွားရင်၊ မတော်မဆ သူတို့မှာ ရောဂါပိုးရှိနေသေးတယ်ဆိုရင်တော့ဖြင့် သူတို့လည်း စိတ်ပူတယ်။ ဒါ့ကြောင့် Quarantine ၁၄ ရက်နေမယ်ဆိုတဲ့ သတင်းကို ရပါတယ်” ဟု ဒေါက်တာကျော်စွာမြင့်က ပြောကြားသည်။


READ NEXT
Cancel OK