Top News

တိုင်းရင်းသားနယ်မြေများတွင် တိုင်းရင်းသားများအနေဖြင့် တိုင်းရင်းသားပါတီကို မဲပေးရန်အတွက် နာဂအမျိုးသားပါတီဥက္ကဋ္ဌ တိုက်တွန်း
24htopnews | July 29, 2024 3:13 PM CST

တိုင်းရင်းသားနယ်မြေများတွင် တိုင်းရင်းသားများအနေဖြင့် တိုင်းရင်းသားပါတီကို မဲပေးရန်အတွက် နာဂအမျိုးသားပါတီ (Naga National Party) ဥက္ကဋ္ဌ ဦးရှုမောင်က တိုက်တွန်းပြောကြားသည်။

မြန်မာနိုင်ငံ ပြည်မအတွင်း၌လည်း တိုင်းရင်းသားလူမျိုးများ၏ အကျိုးစီးပွားနှင့် ရပိုင်ခွင့်ကို ပြုလုပ်ပေးနိုင်သည့် ပြည်မပါတီကြီးများကိုသာ မဲပေးရန်လိုအပ်သည်ဟု ၎င်းက ပြောကြားသည်။

“တိုင်းရင်းသားနယ်မြေတွေမှာဆိုရင်တော့ နာဂပါတီတင်မဟုတ်ပါဘူး။ ချင်းလူမျိုးဆိုရင်လည်း ချင်းပါတီကို မဲပေးသင့်တယ်။ ရှမ်းလူမျိုးဆိုရင်လည်း ရှမ်းပါတီကို မဲပေးသင့်တယ်။ ရှမ်းပါတီ ဘယ်နှခုရှိသလဲ။ ကိုယ်နဲ့သင့်တော်တဲ့ ပါတီကဘယ်ဟာလဲ။ ဘယ်ဟာပဲဖြစ်ဖြစ် ရှမ်းအမျိုးသားရေးကို ရပ်တည်ပြီးပြိုင်တာဆိုရင် ကိုယ်ဘာလူမျိုးဆိုတဲ့ ရပ်တည်တဲ့သူတွေက ကိုယ့်တိုင်းရင်း သားပါတီကို မဲပေးသင့်တယ်။ ရခိုင်ပါတီကိုလည်း ရခိုင်လူမျိုးဆိုပြီး ရပ်တည်မှုအတွက် မဲပေးသင့်ပါတယ်။ ထိုနည်းလည်းကောင်းပဲ ကိုယ်က နာဂလို့ပြောလာခဲ့လို့ရှိရင် နာဂရဲ့ မိခင်ပါတီမရှိတဲ့အတွက် ပြည်မပါတီကို အားကိုးခဲ့ရတယ်။ ဖွံ့ဖြိုးရေးလိုအပ်ချက်အရ အားကိုးခဲ့ရတယ်။ သို့သော်လည်း မြန်မာနိုင်ငံရဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးသော်လည်းကောင်း၊ ၂၁ ပင်လုံညီလာခံ အခင်းအကျင်းအရသော်လည်းကောင်း ဖွံ့ဖြိုးရေးလမ်းစဉ်မဟုတ်တော့ပဲ နိုင်ငံကို ပြန်လည်တည်ဆောက်တဲ့ နိုင်ငံရေးလမ်းစဉ်တစ်ခုမှာ လူမျိုးတစ်ခုကို ကိုယ်စားပြုပြီးတော့ ဗမာပြည်ရဲ့အခင်းအကျင်းတစ်ခုမှာ ဝင်ရောက်ဖို့ ပါဝင်ဖို့ဆိုတဲ့ လမ်းစဉ်ဖြစ်တယ်။ အဲဒီအတွက်ကြောင့် ကိုယ်ဘာလူမျိုး ဖြစ်ခြင်းအပေါ် အခြေခံပြီး နာဂပါတီကို မဲပေးဖို့လိုမယ်။ နာဂလို့ ပြောရင် နာဂရဲ့ နယ်မြေအပိုင်းအခြား အဲဒါဘယ်မှာနေနေမလဲ။ နာဂရဲ့ပါတီကို မဲပေးလို့ရတဲ့ နယ်မြေထဲမှာ ရှိရင်တော့ အဲဒီလိုမဲပေးရင်ကောင်းမှာပါ” ဟု  နာဂအမျိုးသားပါတီ ဥက္ကဌ ဦးရှုမောင်က ပြောကြားသည်။

ထို့ပြင် နာဂဒေသအတွင်း မဲဆွယ်ရာတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် ရက်ပေါင်း ၆၀ အကန့်အသတ်တို့ကြောင့် ရွေးကောက်ပွဲအောင်နိုင်ရေးအပေါ် ရိုက်ခတ်မှုရှိနိုင်သည်ဟု ပါတီဥက္ကဋ္ဌ ဦးရှုမောင်က ပြောကြားသည်။

“COVID-19 နဲ့ပတ်သက်တဲ့ကိစ္စကတော့ တစ်တိုင်းပြည်လုံးကြုံတွေ့နေရ၊ ပါတီအားလုံး ကြုံတွေ့နေရတဲ့အတိုင်းပါပဲ။ ပါတီအောင်နိုင်ရေးလှည့်တဲ့အခါ အားလုံးပြီးသွားရင် ဘောလုံးကွင်းမှာ၊ ရိုးရာကွင်းမှာ၊ တစ်နေရာစုပြီး ဟောပြောပွဲလုပ်ချင်တယ်။ စိုးရိမ်မှုတွေရှိတယ်။ မတူတာကတော့ ခန္တီးနယ်ထဲမှာ အပါအဝင်ပေါ့။ မိုးက တအားများနေတယ်။ ကျွန်တော်တို့နယ်က အခြားနယ်နဲ့မတူတာက လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတယ်။ အဲဒီလို အခြေအနေတစ်ခုမှာ ရက်ပေါင်း ၆၀ ဆိုတဲ့ အကန့်အသတ်တစ်ခုက ကျွန်တော်တို့က အပြေးအလွှားသွားနေရတော့ လူထုကို စည်းရုံးရတာ။  ပါတီကြီးတွေ (ပြည်မပါတီတွေလို) အတည်တကျ ဖြစ်ထားတာဆိုတော့ သူတို့က အဆင်ပြေရင်ပြေမှာပေါ့။ ကျွန်တော်တို့ပါတီက မနှစ်ကမှစတာဆိုတော့ အောက်ခြေယန္တရား တည်ဆောက်မှုတွေ လူထုနဲ့ထိတွေ့မှုတွေမှာ အခုလုပ်ငန်းနှစ်ခု တစ်ခါထဲ လုပ်ရသလိုဖြစ်တာပေါ့။ ပါတီမူဝါဒကိုလည်း လူတိုင်းချပြရတယ်။ တစ်ချိန်ထဲမှာ ရွေးကောက်ပွဲအောင်နိုင်ရေးကလည်း လုပ်ရတယ်ဆိုတော့ ရွာတိုင်းကို မဝင်လို့ကမရ၊ ရက်ပေါင်း ၆၀ ကန့်သတ်ချက်က လမ်းခရီးက ကြန့်ကြာ။ ရွေးကောက်ပွဲ အောင်နိုင်ရေးအပေါ်မှာ ရိုက်ခတ်မှုတော့ရှိတာပေါ့” ဟု ဦးရှုမောင်က ပြောကြားသည်။

မဲဆွယ်စည်းရုံးရေးများ ပြုလုပ်ရာတွင် တိုင်းဒေသကြီးလွှတ်တော်အတွက် ယှဉ်ပြိုင်မည့်သူများပင် ကျေးရွာအနှံ့ ရောက်ရန်အတွက် အခက်အခဲများရှိပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များအတွက်မူ မဲဆန္ဒရှင်များနှင့်တွေ့ရန် ပိုမိုအခက်အခဲများရှိသည်ဟု သိရသည်။

နာဂအမျိုးသားပါတီ (NNP) အနေဖြင့် ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 


READ NEXT
Cancel OK