Top News

လုံခြုံရေးဆိုင်ရာကိစ္စမှလွဲ၍ ကျန်ကိစ္စများနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲရွှေ့ဆိုင်းရန် သင့် မသင့် သုံးသပ်အကြံပြု ချက်ပေးရန် မရှိဟု တပ်မတော်ဘက်က ပြောကြား
24htopnews | July 29, 2024 3:13 PM CST

လုံခြုံရေးဆိုင်ရာကိစ္စမှလွဲ၍ ကျန်ကိစ္စများနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲရွှေ့ဆိုင်းရန် သင့် မသင့် သုံးသပ်အကြံပြုချက်ပေးရန် မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

စက်တင်ဘာ ၂၆ ရက်က Video Conferencing စနစ်နှင့်ပြုလုပ်သော တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ တပ်မတော်က အကြံပြုရန် ရှိ မရှိ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ရွေးကောက်ပွဲရွှေ့ဆိုင်းတာ မရွှေ့ဆိုင်း တာကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကိစ္စပဲဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာ အကြံပြုချက်ကိုပဲ ဆောင်ရွက်မှာဖြစ်ပါတယ်။ လုံခြုံရေးဆိုင်ရာအကြံပြုချက်ကိုပဲ  အကြံပေးမှာဖြစ်တယ်။ ကျန်တဲ့ဟာတွေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်က လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းဖြစ်တယ်။ သူတို့ ဆောင်ရွက်ပါလိမ့်မယ်။ ဒါနဲ့ပတ်သက်လို့ အခြေခံဥပဒေပြဋ္ဌာန်းချက်တွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုးရှိပါလိမ့်မယ်။ ဒီအမြင်အမျိုးမျိုးရှိတဲ့အထဲမှာတော့ ဒါတွေနဲ့ပတ်သက်ပြီး တပ်မတော်အကြီးအကဲတွေကြားထဲမှာ ဆွေးနွေးတိုင်ပင်မှုလုံးဝမရှိဘူးလို့ ပြောချင်ပါတယ်။ အခုအချိန်ထိ ဒါတွေနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ အကြံပြုချက်မရှိပါဘူး” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်သည် လုံခြုံရေးနှင့် ကာကွယ်ရေးကို တာဝန်ယူရခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲတွင် ယင်းနှင့်ပတ်သက်ပြီး အကြံပြုနိုင်ရေးကိုသာ ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ကျွန်တော်တို့အကြံပြုချက်ကတော့ လုံခြုံရေးနဲ့ပတ်သက်လာရင်တော့ အကြံပြုမှာဖြစ်ပါတယ်။ လုံခြုံရေးနဲ့ ပတ်သက်လာရင်တော့ တပ်မတော်ဟာ လုံခြုံရေးနဲ့ ကာကွယ်ရေး တာဝန်ယူနေတာဖြစ်တဲ့အတွက် အကြံပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့က လုံခြုံရေးနဲ့ပတ်သက်တဲ့ အကြံပြုချက်ဆိုတာက ဒီနယ်မြေ၊ ဒီဒေသတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေတဲ့ နယ်မြေတွေမှာ နောက်ဆုံးအခြေအနေမှာ လုံခြုံရေးနဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေရှိတယ်။ ပြည်သူလူထုအနေနဲ့ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိနိုင်မလား မရှိနိုင်ဘူးလားဆိုတဲ့ သုံးသပ်ချက်တော့ရှိတယ်။ ကျန်တဲ့ သုံးသပ်ချက်တော့ ပေးရန်မရှိဘူးလို့ဆိုလိုတာ ဖြစ်တယ်” ဟု ပြောကြားသည်။

၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်သားများအနေဖြင့် မိမိတို့ကြိုက်နှစ်သက်သည့် နိုင်ငံရေးပါတီကို လွတ်လပ်စွာ မဲပေးနိုင်ကြောင်းနှင့် တစ်ဦးချင်း၏ အခွင့်အရေးဖြစ်သည့်အတွက် တစ်ဦးချင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

 


READ NEXT
Cancel OK