Top News

UNA အဖွဲ့ဝင်ဖြစ်သော ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ၏ ပထမဆုံး မဲဆွယ်စည်းရုံးရေး စီတန်းလှည့်လည်ခြင်းကို ရွာငံမြို့နယ်တွင် ပြုလုပ်
24htopnews | July 29, 2024 3:13 PM CST

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) အဖွဲ့ဝင်ဖြစ်သော ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ၏ ပထမဆုံး မဲဆွယ်စည်းရုံးရေး စီတန်းလှည့်လည်ခြင်းကို ရွာငံမြို့နယ်၊ မြို့ကြီးဇုန်တွင် စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ မဲဆွယ်စည်းရုံးရေးလှည့်လည်ရာတွင် မော်တော်ယာဉ်အစီးရေ ၈၀ ကျော်၊ လူအင်အား တစ်ထောင်ခန့်ရှိပြီး၊ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆည်ရွာတွင် ဆိုင်းဘုတ်တင်ခြင်း ပြုလုပ်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် Door to Door စနစ်ဖြင့် ရွာတစ်ရွာလျှင် သုံးနေရာခွဲ၍ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“ ဒီနေ့မှာ စီတန်းလှည့်လည်တယ်။ ဆည်ရွာမှာ ဆိုင်းဘုတ်တင်တယ်ပေါ့။ စီတန်းလှည့်လည်တာပေ့ါ။ စည်းရုံးရေး ခရီးစဉ်ကတော့ သွားနေတာတွေတော့ ရှိပါတယ်။ အားလုံးအဆင်ပြေပါတယ်။ ဒီနေ့ အားရကျေနပ်တယ်ပေါ့။ သွားမယ်လို့ လိုင်းပေါ်ကြေညာတဲ့အနေအထားပဲ၊ ဝန်းရံမယ်ဆိုပြီး ရွာအသီးသီးက ထွက်လာတာအားရတယ်။ တိုင်းရင်းသားပြည်သူတွေအားလုံး ကျွန်တော်တို့ ပါတီကို ဆက်လက် ဝန်းရံ ပေးဖို့ပေ့ါ။ ကိုဗစ်မဖြစ်ရင် ဒီထက်ဝန်းရံမယ့် တိုင်းရင်းသားပြည်သူတွေ အများကြီးရှိသေးတယ်။ အကြီးအကျယ် လည်း လုပ်လို့ မရဘူးပေါ့။ မြို့နယ်ပေါင်း လေးမြို့နယ်မှာ ကိုယ်စားလှယ်လောင်းပေါင်း ၁၂ ယောက်၊ အမျိုးသမီး သုံးယောက် ပါတာ ဖြစ်တဲ့အတွက် အမျိုးသမီးပါဝင်မှုနှုန်းက ၂၅ ရာခိုင်နှုန်းပေါ့” ဟု ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီဥက္ကဌ ဦးခင်မောင်ချိုက ပြောကြားသည်။

ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) အနေဖြင့် ရွာငံ၊ ပင်းတယ၊ ကလော၊ နောင်ချို စသော လေးမြို့နယ်တွင် ကိုယ်စားလှယ်ပေါင်း ၁၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ပါတီက အထွေထွေရွေးကောက်ပွဲတွင် ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့တွင် အမျိုးသားလွှတ်တော် တစ်နေရာ၊ ပြည်သူ့လွှတ်တော် နှစ်နေရာနှင့် ပြည်နယ်လွှတ်တော် လေးနေရာ၊ ကလောမြို့နယ်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နှစ်နေရာ၊ နောင်ချိုမြို့နယ်တွင် ပြည်သူ့လွှတ်တော်တစ်နေရာ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်နေရာ စုစုပေါင်း ၁၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီကို ၂၀၁၂ ခုနှစ် ဇူလိုင်တွင် ပါတီအမှတ် (၅၇) ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် အလုပ်အမှုဆောင်ရွေးချယ်ပွဲ ဆောင်ရွက်ခဲ့ကာ၊ ပါတီဝင်အင်အား တစ်ထောင်ကျော်ရှိပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) အဖွဲ့ဝင်ပါတီတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ ရည်ရွယ်ချက်များမှာ အမျိုးသားတန်းတူရေး၊ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် ဒီမိုကရေစီအရေးတို့ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးအချင်းချင်း အပြန်အလှန် အသိအမှတ်ပြု လေးစားမှု၊ ချစ်ကြည်ရိုင်းပင်းမှု၊ သွေးစည်းညီညွတ်မှုတို့ကို တည်ဆောက်ပြီး ငြိမ်းချမ်းစွာဖြင့် အေးအတူပူအမျှ အတူတကွ ယှဉ်တွဲနေထိုင်ရေးကို ရှေ့ရှုရန်၊ ဓနုဒေသအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ ဘာသာ၊ စာပေ၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ဖော်ထုတ်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်၊  ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို အတူတကွ တည်ဆောက်ပြီး အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ ဓနုဒေသအတွင်း လူနေမှုအဆင့်အတန်း မြင့်မားရေး၊ နည်းပညာမြင့်မားသော စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေရေး၊ ခေတ်သစ်ပညာရေးစနစ်ကို ကူညီဆောင်ရွက်ပေးရေး ကျန်းမာရေးလုပ်ငန်းစဉ်များကို ပိုမိုမြင့်မာလာစေရေး၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ မြင့်မားလာစေရေး အစရှိသောလုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်ရန်နှင့် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ ခေတ်နှင့်အညီ ပါတီ၏ အခြေခံစည်းမျဉ်းများ၊ ရေးဆွဲဆောင်ရွက်သွားရန်တို့ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK