Top News

SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးသည် အသက်အရွယ်ကြီးရင့်ခြင်းနှင့် လူငယ်များတာဝန်ပေးသည့် အစဉ်အလာ ချမှတ်သည့်အနေဖြင့် ဥက္ကဋ္ဌတာဝန်မှ အနားယူကြောင်း UEC သို့တင်ပြခြင်းဖြစ်ပြီး ပါတီဘက်မှ ဆုံးဖြတ်ထားမရှိသေးဟု ပါတီအထွေထွေအတွင်းရေးမှူးပြောကြား
24htopnews | July 29, 2024 3:13 PM CST

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီိအဖွဲ့ချုပ်(SNLD)ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးသည် အသက်အရွယ်ကြီးရင့်ခြင်းနှင့် လူငယ်များလက်ဆင့်ကမ်းတာဝန်ပေးသည့် အစဉ်အလာချမှတ်သည့်အနေဖြင့် ဥက္ကဋ္ဌတာဝန်မှ အနားယူကြောင်း UEC သို့တင်ပြခြင်းဖြစ်ပြီး ပါတီဘက်မှ ဆုံးဖြတ်ထားမရှိသေး SNLD ပါတီအထွထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကပြောကြားသည်။

SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးသည် ပါတီဥက္ကဋ္ဌ ရာထူးမှ အနားယူကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထံသို့ ဇွန်လကတည်းကစာတင်ထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ SNLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ မေးမြန်းခဲ့ရာ၊ COVID-19 ကာလအတွင်း အစည်းအဝေးပြုလုပ်ရန် အဆင်မပြေသေးသဖြင့် ၂၀၂၀ ရွေးကောက်ပွဲကာလ နောက်ပိုင်းမှသာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း UEC ထံသို့ အကြောင်းပြန်ကြားပေးခဲ့ကြောင်း ဦးစိုင်းလိတ် က ပြောကြားသည်။

“အကြောင်းသုံးချက် ရှိတယ်။ ပထမ တစ်ချက်က အသက်အရွယ်ကြီးရင့်လာလို့ ကျန်းမာရေး မကောင်းဘူးပေါ့။ ဒုတိယအချက် က မိသားစု အရေးကိစ္စပါ။ ပါတီကို အချိန်မပေးနိုင်မှာ စိုးရိမ်ပုံ ရတယ်။ တတိယအချက်က သူ့အပြောအရပေ့ါ မျိုးဆက်သစ် လူငယ်တွေကို လက်ဆင့်ကမ်းတာဝန်ပေးချင်တယ်။ အဲဒီအစဉ်အလာကို သူ ချမှတ်သွားချင်တယ်ပေ့ါ။ အဲဒီအကြောင်းပြချက် သုံးချက်နဲ့ နုတ်ထွက်မယ် သဘောမျိုးပြောတာပါ။ ကျွန်တော်တို့ဆုံးဖြတ်ဖို့ အဆင်မပြေသေးပါဘူး။ ဒီတိုင်းပဲ ဆက်ရှိနေဦးမှာပါ။ ”ဟု SNLD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောကြားသည်။

ပါတီဥက္ကဋ္ဌတာဝန်မှ ယနေ့(စက်တင်ဘာ ၂၇ ရက်)တွင် နုတ်ထွက်မည်ဟု ဦးခွန်ထွန်းဦးကပြောကြားကြောင်း 7 day သတင်းစာတွင် သတင်းဖော်ပြထားပြီး ထိုသို့ပြောကြားခြင်းသည် ၎င်း၏ဆန္ဒကိုထုတ်ဖော်ခြင်းသာဖြစ်ကြောင်း ဦးစိုင်းလိတ်ကဆိုသည်။

လက်ရှိအချိန်ထိ ဦးခွန်ထွန်းဦးသည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ ဥက္ကဋ္ဌတာဝန်တွင် ရှိသေးကြောင်း ဦးစိုင်းလိတ်ကပြောကြားသည်။

“နုတ်ထွက်ချင်တယ်ဆိုတာ ဥက္ကဋ္ဌကြီး ရဲ့ဆန္ဒပေ့ါ။ ဒါပေမယ့် UEC အနေနဲ့ ဒါကို လက်သင့်ခံဖို့ အဆင်သင့် မဖြစ်သေးဘူး။ နောက်ကျွန်တော်တို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီရော၊ ဗဟိုကော်မတီဝင်တွေ ရော တွေ့ဆုံ ဆွေးနွေးရမယ့်ကိစ္စဖြစ်တယ်။ အဲလိုမျိုးတွေ့ဆုံဆွေးနွေးမှု မလုပ်နိုင်သေးတော့ လောလောဆယ်တော့ ဥက္ကဋ္ဌ ရာထူးနေရာမှာပဲ ဆက်ရှိနေဦးမယ်။ သူ့ဘက်က အဆိုပြုတာပါ။ သူ့ဆန္ဒကို ထုတ်ဖော် ပြောကြားတာပါ”ဟု ဦးစိုင်းလိတ် ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် SNLD ပါတီ၏ မဲဆွယ်စည်းရုံးရေး ဗဟိုကော်မတီကို ပါတီဥက္ကဋ္ဌ ဦးခွန်းထွန်းဦး ဦးဆောင်ပြီး အဖွဲ့ဝင် ၃၀ ဖြင့်ဖွဲ့စည်းထားသည်။

ပါတီဥက္ကဋ္ဌ တာဝန်မှအနားယူထားပြီး မျိုးဆက်သစ်များကို လမ်းဖွင့်ပေးထားရမည်ဟု SNLD ပါတီဥက္ကဋ္ဌ ဦးခွန်းထွန်းဦးက ၂၀၁၈ ခုနှစ် သြဂုတ်အတွင်းကလည်း မီဒီယာများသို့ ထုတ်ဖော်ပြောကြားခဲ့သေးသည်။

ထို့နောက် SNLD ပါတီ၏ မြို့နယ်စုံအစည်းအဝေး(၂၀၁၉ ညီလာခံ)ကို ရှမ်းပြည်နယ် လားရှိုးမြို့တွင် ၂၀၁၉ ခုနှစ် ဇွန် ၆ ရက်နှင့် ၇ ရက်တွင်ကျင်းပခဲ့ပြီး အဆိုပါညီလာခံတွင် ဦးခွန်ထွန်းဦးကို ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့သည်။

ဦးခွန်ထွန်းဦးသည် ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ဒုတိယအများဆုံး အနိုင်ရပါတီဖြစ်သည့် SNLD ပါတီကို ၁၉၈၈ အောက်တိုဘာတွင် ဦးဆောင်တည်ထောင်ခဲ့သလို ၁၉၉၀ ရွေးကောက်ပွဲတွင် သီပေါမဲဆန္ဒနယ်၏ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌတာဝန်ကို နှစ်ပေါင်း ၃၀ ကျော်ကြာ တာဝန်ယူဆောင်ရွက်နေသူ ဖြစ်သည်။

၂၀၀၅ ခုနှစ်တွင် ရှမ်းပြည်နယ် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းမှုဖြင့် ဦးခွန်ထွန်းဦး အပါအဝင် ပါတီခေါင်းဆောင်အချို့သည် ထောင်ဒဏ်နှစ် ၉၀ ကျော် ချမှတ်ခံခဲ့ရပြီး ၂၀၁၁ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်ခဲ့သည်။

SNLD ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေစဉ်အတွင်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ၊ ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) စသည့် အဖွဲ့အစည်းတို့တွင်လည်း အလှည့်ကျသဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်မှုများ ရှိခဲ့သည်။

ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်မှုများကြောင့် ဦးခွန်ထွန်းဦးသည် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတစ်ချို့ ချီးမြှင့်သည့် ဆုများလည်းရရှိခဲ့သူဖြစ်ကြောင်း သိရသည်။

ဦးခွန်ထွန်းဦးသည် SNLD ပါတီဥက္ကဋ္ဌတာဝန်အပြင် ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ တွင်လည်း ဥက္ကဋ္ဌတာဝန်ပေးအပ်ခံထားရပြီး အဆိုပါအဖွဲ့အား အခြေခံ၍ ၂၀၁၉ ခုနှစ်အတွင်းက တည်ထောင်ထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP)တွင်လည်း ပါတီခေါင်းဆောင်အဖြစ် ပါဝင်လျက်ရှိသည်။

 


READ NEXT
Cancel OK