Top News

မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး အခြေအနေများ ဆိုးရွားနေချိန်တွင် အာဆီယံ အနေဖြင့် ကြားဝင် မစွက်ဖက်ရေးမူကို ပြန်လည်စဉ်းစားသင့်သည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား
24htopnews | July 27, 2024 10:12 PM CST

မြန်မာနိုင်ငံတွင် ပိုမိုဆိုးရွားလာသော  လူ့အခွင့်အရေးအခြေအနေများ ဖြစ်ပေါ်နေချိန် အာဆီယံသည် အဖွဲ့ဝင်နိုင်ငံများ၏အရေးကိစ္စများ၌ ၎င်း၏ဆယ်စုနှစ်ချီကြာမြင့် နေပြီဖြစ်သော ကြားဝင်မစွက်ဖက်ရေး မူဝါဒကို ပြန်လည်စဉ်းစားသင့်သည်ဟု အောက်တိုဘာ ၂၁ ရက်တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားသည်။

ဧပြီလတွင် အာဆီယံနှင့် သဘောတူခဲ့သော ငြိမ်းချမ်းရေးအစီအမံနှင့် ပတ်သက်၍ တိုးတက်မှုမရရှိသဖြင့် မြန်မာ့တပ်မတော် ခေါင်းဆောင်ကို မကြာမီပြုလုပ်မည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ ဖိတ်ကြားခြင်း မပြုရန် အောက်တိုဘာ ၁၅ ရက်တွင် အာဆီယံက ဆုံးဖြတ်ခဲ့သည်။

ထိုအစား မြန်မာနိုင်ငံမှ နိုင်ငံရေးမဆန်သည့်ပုဂ္ဂိုလ်ကို ဖိတ်ကြားမည်ဟု အာဆီယံက ဆိုသည်။

မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင်တို့က ဖိအားပေးခဲ့ခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည့် ယင်းဆုံးဖြတ်ချက်သည် အဖွဲ့ဝင်နိုင်ငံများနှင့် သက်ဆိုင်သော ဝေဖန်မှုများနှင့်ပတ်သက်၍ စေ့စပ်ညှိနှိုင်းခြင်းနှင့် ဘုံသဘောတူညီချက်ချမှတ်ခြင်းတို့ကိုသာ လုပ်ဆောင်လေ့ရှိသော အာဆီယံအတွက် ရှားရှားပါးပါး  ဆောင်ရွက်ချက် တစ်ခုဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို တပ်မတော်က လွှဲပြောင်းရယူခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အခြေအနေများ ယိုယွင်းလာသောကြောင့် အာဆီယံအနေဖြင့် ၎င်း၏ ကြားဝင် မစွက်ဖက်ရေးမူဝါဒကို အလေးထား စဉ်းစားသင့်သည်ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက ပြောကြားသည်။

အာဆီယံအဖွဲ့မှာ အဖွဲ့ဝင် ၁၀ နိုင်ငံ လောက်ရှိတယ်လို့ အောက်တိုဘာ ၁၅ ရက် အစည်းအဝေးမှာ ကျွန်တော်ပြောခဲ့ပါတယ်။ မြန်မာ့ပြဿနာဟာ ဒေသတွင်းပြဿနာ၊ နိုင်ငံနဲ့ဆိုင်တဲ့ ပြဿနာဖြစ်နေသရွေ့ ဒါဟာ ဒေသကို သက်ရောက်ပါတယ်။ အခြားအဖွဲ့ဝင် ကိုးနိုင်ငံရဲ့စိုးရိမ်ပူပန်မှုတွေကိုလည်း ကျွန်တော်တို့ အသိအမှတ်ပြုသင့်ပါတယ် ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စများနှင့်သက်ဆိုင်သော အွန်လိုင်းအစည်းအဝေးတွင် ၎င်းင်းက ပြောကြားခဲ့သည်။

ဖြေရှင်းစရာရှိတဲ့ ပြဿနာတွေကို ရှောင်ရှားဖို့ ဒိုင်းတစ်ခုအနေနဲ့ ကြားဝင်မစွက်ဖက်ရေးမူကို ကျွန်တော်တို့ အသုံးပြုလို့ မရနိုင်ဘူးလို့ ကျွန်တော်ပြောခဲ့ပါတယ် ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ရာ အာဆီယံ ကျင့်ဝတ်စည်းကမ်းတွင် တန်ဖိုးအထားရဆုံးအပိုင်းကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတစ်ဦးက ရှားရှားပါးပါး ဝေဖန်ခြင်း ဖြစ်သည်။

အဆိုပါကြားဝင် မစွက်ဖက်ရေးမူသည် ထိရောက်သည့်ဆုံးဖြတ်ချက်များကို လျင်မြန်စွာ ချမှတ်ရေးအတွက် အာဆီယံ၏ မစွမ်းဆောင်နိုင်မှုကို ဖြစ်စေသည်ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက ပြောကြားသည်။

အပြုသဘောဆောင်သော စေ့စပ်ညှိနှိုင်းရေး သို့မဟုတ် ကြားဝင်မစွက်ဖက်ရေးနှင့်ဆိုင်သော မူဝါဒအသစ်ကို ဖော်ဆောင်ရန် မလေးရှား နိုင်ငံခြားရေးဝန်ကြီးက အကြုံပြုခဲ့သည်။

အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂတို့ အပါအဝင် ပြည်ပကြားဝင်မှုနှင့် သက်ဆိုင်သော အာဆီယံဆုံးဖြတ်ချက်ကို မြန်မာ့တပ်မတော် ပြောရေးဆိုခွင့်ရှိသူက အပြစ်တင်ခဲ့သည်။


READ NEXT
Cancel OK