Top News

အာဆီယံပဋိညာဉ်အရ နိုင်ငံအကြီးအကဲက အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် အခွင့်အရေး အပြည့်အဝရှိဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
24htopnews | July 27, 2024 10:12 PM CST

အာဆီယံပဋိညာဉ်အရ နိုင်ငံအကြီးအကဲက အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် အခွင့်အရေး အပြည့်အဝရှိဟု နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အာဆီယံပဋိညာဉ်စာတမ်း အပိုဒ် (၅) အရ အဖွဲ့ဝင်နိုင်ငံများ အားလုံးသည် တန်းတူရည်တူရှိပြီး၊ အပိုဒ် (၇)(၁) အရ အာဆီယံ ထိပ်သီးအစည်းအဝေးများကို နိုင်ငံအကြီးအကဲ သို့မဟုတ် အစိုးရအဖွဲ့ အကြီးအကဲများဖြင့် ပါဝင်ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားသောကြောင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအကြီးအကဲက အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရမည့် အခွင့်အရေးများကို အပြည့်အဝ ရပိုင်ခွင့် ရှိပါကြောင်း၊ အကယ်၍ အချို့အာဆီယံနိုင်ငံများက ယင်းကိစ္စအပေါ် မေးခွန်းထုတ်လာပါက အာဆီယံ ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိကျစွာ ဆောင်ရွက်သွားရန် ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံစိတ်ဓာတ်၊ အာဆီယံနည်းလမ်းများနှင့်အညီ သဘောထား ကွဲလွဲမှုများကို တိုင်ပင်ဆွေးနွေးမှုနှင့် စေ့စပ်ဆွေးနွေးမှု နည်းလမ်းများဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်သော်လည်း အာဆီယံပဋိညာဉ်စာတမ်း ပြဋ္ဌာန်းချက်ပါ အချက်များ၊ မူများ၊ ဦးတည်ချက်များနှင့် ဆန့်ကျင်ပြီး၊ မျှတမှုမရှိ မူဘောင်ကျော်လွန် ဆောင်ရွက်မှုများကို လက်ခံနိုင်ခြင်း မရှိကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနေဖြင့်လည်း အာဆီယံ အဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုနှင့် အချက်အခြာကျမှုစသော ရေရှည်အကျိုးစီးပွားများကို ရည်မျှော်၍ အာဆီယံပဋိညာဉ်စာတမ်းပါ လုပ်ထုံးလုပ်နည်းများနှင့် သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပေး ဖော်ပြအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ် အစည်းအဝေးကို အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပခဲ့ပြီး အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ ဘရူနိုင်းနိုင်ငံသည် အဆိုပါ အစည်းအဝေးနှင့် ပတ်သက်၍ ကြေညာချက်ကို အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း၊ ထို့နောက် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) သည် အောက်တိုဘာ ၁၈ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ လည်းကောင်း၊ အောက်တိုဘာ ၁၉ ရက်တွင် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ မြန်မာဘက်သို့ သံတမန်လမ်းကြောင်းမှ လည်းကောင်း၊  အောက်တိုဘာ ၁၅ ရက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့သည့်ကိစ္စကို ဖော်ပြပြီးနောက် အောက်တိုဘာ ၂၆ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ ကျင်းပမည့် (၃၈) ကြိမ်နှင့် (၃၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ် အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသူကို အဆိုပါ အစည်းအဝေးများသို့ တက်ရောက်ရန် ဖိတ်ကြားမည် ဖြစ်ကြောင်း မြန်မာဘက်သို့ အသိပေးလာပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၁၅ ရက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးတွင် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုကိစ္စကို ဆွေးနွေးခဲ့ရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်အား ဖိတ်ကြားရန် အဖွဲ့ဝင်နိုင်ငံများအကြား တူညီဆန္ဒ မရရှိခဲ့ကြသကဲ့သို့ မဖိတ်ကြားရန်လည်း တူညီဆန္ဒ မရရှိခဲ့ကြောင်း၊ သို့ရာတွင် အစည်းအဝေးအပြီး အာဆီယံ အလှည့်ကျဥက္ကဋ္ဌက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အဆိုပါတူညီဆန္ဒ မရရှိသည့်ကိစ္စကို ထည့်သွင်း ဖော်ပြခဲ့သောကြောင့် အာဆီယံပဋိညာဉ် အပိုဒ်-၂၀ (၁) ပြဋ္ဌာန်းချက်ဖြစ်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ဆွေးနွေးတိုင်ပင်ခြင်းနှင့် တူညီဆန္ဒကို အခြေခံရမည် ဆိုသည့်အချက်နှင့် မကိုက်ညီကြောင်း တွေ့ရှိရသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အာဆီယံပဋိညာဉ်၏ အပိုဒ်-၈ (၂) (က)အရ အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီသည် ဖိတ်ကြားရေးကိစ္စ အပါအဝင် အာဆီယံ ထိပ်သီးအစည်းအဝေး ကိစ္စများကို ပြင်ဆင်လုပ်ကိုင် ဆောင်ရွက်ရမည်ဟု ဖော်ပြထားပြီး၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွင် ဆောင်ရွက်ရမည့်ကိစ္စ မဟုတ်ကြောင်း နှင့် အောက်တိုဘာ ၄ ရက်တွင် ကျင်းပသည့် (၃၀) ကြိမ်မြောက် အာဆီယံ ညှိနှိုင်းပေါင်းစပ်ရေးကောင်စီ အစည်းအဝေးတွင် အာဆီယံ ထိပ်သီးအစည်းအဝေးများသို့ မြန်မာနိုင်ငံမှ ကိုယ်စားပြုမှုကိစ္စကို ဆွေးနွေးခြင်း မရှိဘဲ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့် အရေးပေါ်အစည်းအဝေး ကျင်းပပြီး ယင်းကိစ္စကို ဆွေးနွေးခဲ့သောကြောင့် ပြဋ္ဌာန်းထားသည့် အပိုဒ်-၈ (၂) (က) ပါ လုပ်ထုံး/လုပ်နည်းများနှင့် မညီကြောင်း တွေ့ရှိရသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယင်းအပြင် အာဆီယံပဋိညာဉ်၊ ပုဒ်မ ၂၀ (၁) အရ ဆုံးဖြတ်ချက်များကို တူညီဆန္ဒဖြင့်သာ ချမှတ်ရမည်ဖြစ်ပြီး၊ တူညီဆန္ဒ မရရှိသည့်အခါ ပုဒ်မ ၂၀ (၂) ပါ ပြဋ္ဌာန်းချက်အရ ဆုံးဖြတ်ချက်ကို အာဆီယံ ထိပ်သီး အစည်းအဝေးကသာ ဆုံးဖြတ်ချက် ချမှတ်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ အောက်တိုဘာ ၁၅ ရက် အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုကို အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့က ဆွေးနွေးခဲ့ရာတွင် အာဆီယံပဋိညာဉ် အပိုဒ်အချို့အပေါ် ၎င်းတို့လိုသလို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် သဘောထား ကွဲလွဲမှုရှိပါက ပုဒ်မ ၂၅ ပါ ပြဋ္ဌာန်းချက်အရ စေ့စပ်ဖျန်ဖြေရေး ဖြစ်သည့် အငြင်းပွားမှု ဖြေရှင်းရေး ယန္တရားအတိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့်  ပုဒ်မ ၂၆ တွင် ဖြေရှင်း၍မရသော အငြင်းပွားမှုများကို အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တင်ပြဆုံးဖြတ်ချက် ရယူရမည်ဟု ဖော်ပြထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ အောက်တိုဘာ ၁၅ ရက် အစည်းအဝေးတွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မှ ဆုံးဖြတ်ခဲ့မှုများသည် အထက်ဖော်ပြပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိဘဲ သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်မှု မရှိသောကြောင့် သက်ဆိုင်ရာနိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် လိုက်နာ ဆောင်ရွက်ရန် ခက်ခဲကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့အပြင် အောက်တိုဘာ ၁၅ ရက် အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ကိစ္စများကို အကြောင်းပြုပြီး အာဆီယံ ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားပြု တက်ရောက်ရေးကိစ္စကို အဓိကထား ဆွေးနွေးခဲ့သောကြောင့် အာဆီယံ ပဋိညာဉ်စာတမ်း အပိုဒ် (၂) (က)၊ (င)နှင့် (စ)ပါ ပြဋ္ဌာန်းချက်များ ဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို လေးစားရန်၊ ပြည်တွင်းရေး မစွက်ဖက်ရန်နှင့် အဖွဲ့ဝင်နိုင်ငံများ၏ အမျိုးသားရေး တည်ရှိမှုကို ပြင်ပမှ မစွက်ဖက်ရေး စသည့်မူများနှင့် ဆန့်ကျင်နေကြောင်း တွေ့ရသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။


READ NEXT
Cancel OK