Top News

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၀၄ သန်းကျော်နှင့် ကျပ် ၂၂၅ ဘီလျံကျော် ရှိသည့် ရင်းနှီးမြှုပ်နှံမှုများ စတင်ခွင့်ပြု
24htopnews | July 24, 2024 6:12 PM CST

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးရေး၊ ဟိုတယ်နှင့်ခရီးသွား၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၀၄ သန်းကျော်နှင့် ကျပ် ၂၂၅ ဘီလျံကျော်ရှိသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ စတင်ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၅ /၂၀၂၁) ကြိမ်မြောက်အစည်းအဝေးကို နိုဝင်ဘာ ၃ ရက်က ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (ကာလတို) ၏ ပထမဆုံးအစည်းအဝေး ဖြစ်ပြီး ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် စိုက်ပျိုးရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများ၌ လုပ်ငန်းသစ် ၁၃ ခုကို ခွင့်ပြုခဲ့သည်။

အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ဒေါ်လာ ၂၀၄ ဒသမ ၈၃၈ သန်းနှင့် ကျပ်သန်း ၂၂၅၅၂၀ ဒသမ ၀၁၅ ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၉၇၂ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၃ ဒသမ ၇၉၁ ဘီလျံကျော်သာ ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် လယ်ယာကဏ္ဍတွင် ဒေါ်လာ ၉ ဒသမ ၉၈၈ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၁၉ ဒသမ ၆၉၈ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ၂၈၆ ဒသမ ၀၂၃ သန်း၊ စွမ်းအင်ကဏ္ဍတွင် ဒေါ် လာ၃၁၂၁ ဒသမ ၃၂၃ သန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ ဒသမ ၅၀၀ သန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ဒေါ်လာ ၈၁ သန်း၊ အိမ်ခြံမြေ ကဏ္ဍတွင် ဒေါ်လာရှစ်သန်း၊ Industrial Estate ကဏ္ဍတွင် ဒေါ်လာ ၂၈ ဒသမ ၂၁၀ သန်းနှင့် အခြားကဏ္ဍတွင် ဒေါ်လာ ၁၀၃ ဒသမ ၆၅၆ သန်းဖြင့် စုစုပေါင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ၃၇၉၁ ဒသမ ၃၉၈ သန်း ဝင်ရောက်ခဲ့သည်။

 


READ NEXT
Cancel OK