နိုဝင်ဘာ ၅ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၄ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၉၇၀ ဝန်းကျင်သို့ ပြန်လည်ရောက်ရှိလာကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
ပြည်တွင်း၌ ကျပ်ငွေတန်ဖိုးကျဆင်းမှု ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး စက်တင်ဘာ ၂၉ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၉၃ ပွိုင့်ဝန်းကျင်ရှိကာ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၇၀၀ ဝန်းကျင်အထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၀၈၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၃၆၀ ကျပ်၊ မလေးရှားရင်းဂစ် ၄၃၀ ကျပ်၊ ထိုင်းဘတ် ၅၇ ကျပ်၊ တရုတ်ယွမ် ၃၀၀ ကျပ်၊ ဂျပန်ယန်း ၁၆.၅ ကျပ်တို့ဖြစ်သည်။
နိုင်ငံခြားငွေရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းအကြား အများဆုံးထားရှိရမည့် ကွာဟချက် သတ်မှတ်ခြင်းကို ပယ်ဖျက်ပြီးနောက် နိုင်ငံခြားငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကျပ် ၂၀၀၀ ဝန်းကျင်ဖြင့် စတင်ရောင်းချခဲ့ကြောင်း နိုင်ငံခြားငွေလဲကောင်တာများမှ သိရသည်။
သို့ဖြစ်၍ စက်တင်ဘာ ၁၂ ရက်မှ စတင်ကာ နိုင်ငံခြားငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကျပ် ၂၀၀၀ ဝန်းကျင်ဖြင့် ရောင်းချနေခြင်းဖြစ်သည်။
သြဂုတ် ၈ ရက်က ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊လဲလှယ်ခြင်းတို့ လုပ်ဆောင်ရာတွင် CBM Reference Rate အား Mid-Rate ဖြင့် သတ်မှတ်၍ ရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းကို သုည ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်း ဆောင်ရွက်ရန် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။
ကာလတိုအတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေဖြည့်တင်းရန် ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်း ဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေ လဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ လဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ်ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချခြင်းဖြစ်သည်။ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်ဖြစ်သည်။
နိုဝင်ဘာ ၅ ရက်တွင် ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၇၉၉ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ ကျပ် ၁၈၀၅၅၀၀ ဝန်းကျင်သို့ ရောက်ရှိလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။ နိုဝင်ဘာ ၅ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်းများမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၁၈၀၅၅၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည်ရွှေစျေးနှုန်းမှာ ၁၆၉၉၅၀၀ ဝန်းကျင် ရှိနေခြင်း ဖြစ်သည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်