Top News

This Is America တေးသီချင်းနှင့်ပတ်သက်၍ မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် အဆိုတော် Childish Gambino တရားစွဲခံရ
24htopnews | July 24, 2024 2:12 PM CST

ဂရမ်မီဆုရ တေးသီချင်း This Is America ကို သီဆိုသူအဆိုတော် Childish Gambino အား ရက်ပ်အဆိုတော် Emelike Nwosuocha က ယင်းသီချင်းနှင့်ပတ်သက်၍ မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

Gambino ၏ This Is America တေးသီချင်းသည် လွန်ခဲ့သော နှစ်နှစ်က ဖြန့်ချိခဲ့သည့် ၎င်း၏တေးသီချင်း Made In America သံစဉ်များကို ခိုးယူထားသည်ဟု Nwosuocha က ပြောကြားခဲ့သည်။

နယူးယောက်ခ်တရားရုံးသို့ တင်ပြလျှောက်ထားသည့် စာရွက်စာတမ်းများထဲတွင် Nwosuocha က ၎င်း၏ တေးသီချင်းနှင့် This Is America တေးသီချင်းတို့၏ သံပြိုင်ဂီတအပိုဒ်များတွင် တေးသွားပုံစံ၊ သီဆိုသည့် အကြောင်းအရာ၊ ဖွဲ့စည်းမှုပုံစံများမှာ သိသိသာသာ ဆင်တူနေကြောင်း၊ ယင်းတေးသီချင်းနှစ်ပုဒ်ကို ဂီတပညာရှင်တစ်ဦးအား နှိုင်းယှဉ်စစ်ဆေးခိုင်းရာတွင် ဆင်တူမှုများသည် အမှတ်မထင် ကိုက်ညီသွားခြင်း မဖြစ်နိုင်ဟု ၎င်းကသုံးသပ်ခဲ့ကြောင်း ဖော်ပြထားသည်။

မူပိုင်ခွင့်နှင့်ပတ်သက်၍ စွဲချက်တင်ခံရမှုအပေါ် အဆိုတော် Gambino ဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခြင်း မရှိသေးပေ။

၂၀၁၉ ခုနှစ်တွင် This Is America တေးသီချင်းသည် တစ်နှစ်တာအကောင်းဆုံး တေးသီချင်း ဂရမ်မီဆု ဆွတ်ခူးခဲ့သော ပထမဆုံးရက်ပ်သီချင်းအဖြစ် သမိုင်းဝင်ခဲ့သည်။ လူမျိုးရေးခွဲခြားမှု၊ ရဲတပ်ဖွဲ့၏ အညှာအတာမဲ့မှု၊ လက်နက်ကိုင်ရမ်းကားမှုတို့ကို ယင်းသီချင်းဗီဒီယိုအတွင်း ကွက်ကွက်ကွင်းကွင်းပြသထားမှုအတွက် နာမည်ကြီးခဲ့သော တေးသီချင်းလည်း ဖြစ်ခဲ့သည်။


READ NEXT
Cancel OK