
ရုပ်ရှင်မင်းသမီး ဒေါ်မြသက်မော် (ခ) မင်းသမီးကြီး မိုးနတ်သူဇာသီတာဝင်း မေ ၉ ရက်က ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။ ကွယ်လွန်ချိန်တွင် မင်းသမီးကြီး သီတာဝင်းသည် အသက် ၆၃ နှစ်ရှိပြီ ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် ကျောင်းသူဘဝကတည်းက အနုပညာခရီးလမ်းကိုအစပျိုးခဲ့သူ မင်းသမီးကြီး သီတာဝင်းသည် အဆုတ်ကင်ဆာရောဂါဖြင့် ရန်ကုန်မြို့ ပန်းလှိုင်ဆေးရုံ ကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေစဉ် မေ ၉ ရက် တနင်္ဂနွေနေ့ ည ၁၁ နာရီခွဲတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းသမီး သီတာဝင်းသည် မိုးနတ်သူဇာအငြိမ့်အဖွဲ့၏ ပင်တိုင်မင်းသမီးအဖြစ် ပရိသတ်ချစ်ခင်အားပေးမှုများစွာ ရရှိခဲ့သူဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်ဝန်းကျင်မှစတင်ကာ ပရိသတ်များ၏အားပေးမှုနှင့်အတူ အောင်မြင်လာခဲ့သည့် မိုးနတ်သူဇာအငြိမ့်နှင့်အတူ မင်းသမီးသီတာဝင်းသည် ရုပ်ရှင်ဇာတ်ကားများလည်း ရိုက်ကူးခဲ့သည့် မင်းသမီးတစ်ဦး ဖြစ်သည်။ မင်းသမီးကြီး သီတာဝင်းသည် မိုးနတ်သူဇာအငြိမ့်အဖွဲဲ့နှင့်အတူ “ဦးသဝန်မကြောင်အငြိမ့်” နှင့် “ချစ်ပါရမီရှင်အငြိမ့်” ကက်ဆက်ခွေများကို ကိုယ်တိုင်စီစဉ်ထုတ်ဝေခဲ့ပြီး ပရိသတ်အားပေးမှုများစွာရရှိသည်။
ထို့ပြင် ဆရာနန်းညွန့်ဆွေစီစဉ်ပြီး မင်းသမီးသီတာဝင်းနှင့်အတူ လူရွှင်တော် ဇာဂနာ၊ စုတ်ချွန်း၊ ပိန်ပိန်၊ တက်တူတို့၏ “မိုးနတ်သူဇာအငြိမ့်” ကက်ဆက်ခွေအပါအဝင် ကက်ဆက်ခွေများနှင့် အငြိမ့်ဗီဒီယိုခွေများ ထုတ်ဝေခဲ့ပြီး ပရိသတ်အားပေးမှုများစွာ ရရှိခဲ့သည်။ ယင်းအပြင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် တင်ဆက်ခဲ့သည့် မိုးနတ်သူဇာအငြိမ့်မှာလည်း ပြည်သူများအကြား ရေပန်းစားလူကြိုက်များခဲ့သည်။
မင်းသမီးကြီးသီတာဝင်းသည် မျိုးဆက်သစ် အနုပညာရှင်များစွာကို အကပညာရပ်များ သင်ကြားပေးခဲ့သူဖြစ်သည်။ မေ ၉ ရက် ညပိုင်းတွင် ကွယ်လွန်ခဲ့သည့် မင်းသမီးကြီး သီတာဝင်းအတွက် အနုပညာအသိုင်းအဝိုင်းမှ ဝမ်းနည်းကြောင်းရေးသားကာ ဆုတောင်းမှုများပြုလုပ်ပေးခဲ့ကြသည်။
ရုပ်ရှင်မင်းသမီး ဒေါ်မြသက်မော် (ခ) မင်းသမီးကြီး မိုးနတ်သူဇာ သီတာဝင်း၏ စျာပနာကို မေ ၁၁ ရက် အင်္ဂါနေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ရေဝေးသုသာန်၌ ပို့ဆောင်မီးသင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။ ကွယ်လွန်သူအားရည်စူး၍ ကုသိုလ်ပြုမည့် ရက်လည်ဆွမ်းကျွေးကို ရန်ရစ်သူမိသားစုများက မေ ၁၅ ရက်တွင် ပြုလုပ်သွားမည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်