နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ခမ်းနားထည်ဝါသော ရွှေကမ္ဘာလုံးရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ပေးအပ်ချီးမြှင့်သည့်ဆုများကို မဲပေးရွေးချယ်သည့်အဖွဲ့ဖြစ်သော Hollywood Foregin Press Association (HFPA) တွင် အဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်ရာ၌ လူမျိုးရေးခွဲခြားမှုများ ရှိနေသည်ဟူသော ဝေဖန်မှုများ ထွက်ရှိလာခဲ့ပြီးနောက် နာမည်ကျော် ဟောလိဝုဒ်သရုပ်ဆောင် တွမ်ခရုစ်က ၎င်းဆွတ်ခူးရရှိထားသော ရွှေကမ္ဘာလုံးဆု သုံးခုကို HFPA အဖွဲ့ထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေကမ္ဘာလုံးဆုပေးပွဲ၏ ဥက္ကဋ္ဌဟောင်းဖြစ်ပြီး HFPA အဖွဲ့ဝင်အဖြစ် ၄၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖိလစ်ဘာ့ခ်သည် လူမည်းအခွင့်အရေးလှုပ်ရှားမှု (Black Lives Matter) ကို ဆန့်ကျင်သော ဆောင်းပါးတစ်ပုဒ်အား မျှဝေခဲ့သည့်အတွက် HFPA အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း HFPA သည် အဖွဲ့ဝင်အသစ်များ ရွေးချယ်ခန့်အပ်ရန် စီစဉ်ခဲ့သည်။
ဖိလစ်ဘာ့ခ်၏ ဖြစ်ရပ်မတိုင်မီ ဖေဖော်ဝါရီလတွင် Los Angeles Times သတင်းစာက ရေးသားဖော်ပြသော သတင်းဆောင်းပါးတစ်ခု၌ ရွှေကမ္ဘာလုံးဆုကို မဲပေးရွေးချယ်သော HFPA အဖွဲ့ဝင်များထဲတွင် လူမည်းအဖွဲ့ဝင် မပါဝင်သည်မှာ နှစ် ၂၀ ရှိနေပြီဖြစ်ကြောင်း ဖော်ပြခဲ့ပြီးနောက် HFPA အဖွဲ့မှာ ဝေဖန်မှုများနှင့် ဆက်တိုက်ရင်ဆိုင်ခဲ့ရသည်။
HFPA အဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်မှုတွင် အလွှာအသီးသီး၊ လူမျိုးအသီးသီးမှ ထူးချွန်သူများ မပါဝင်ခြင်းကို ဆန့်ကျင်မှုအဖြစ် ရွှေကမ္ဘာလုံးဆုပေးပွဲကို ၁၉၉၆ ခုနှစ်မှစ၍ နှစ်စဉ်ထုတ်လွှင့်ပေးခဲ့သည့် NBC ရုပ်သံလိုင်းက လာမည့်နှစ်တွင် ကျင်းပမည့် ရွှေကမ္ဘာလုံးဆုပေးပွဲကို ရုပ်သံလိုင်းတွင် ထုတ်လွှင့်တော့မည်မဟုတ်ဟု ကြေညာခဲ့သည်။ HFPA အဖွဲ့တွင်း၌ အဓိပ္ပါယ်ရှိသော ပြုပြင်ပြောင်းလဲမှုကို မြင်တွေ့လိုကြောင်း NBC က ဆိုသည်။
ထို့ပြင် WarnerMedia ၊ Netflix ၊ Amazon Studios တို့ကလည်း HFPA နှင့် ဆက်နွှယ်သည့် အစီအစဉ်များတွင် ပါဝင်ရန် ငြင်းဆိုခဲ့ကြသည်။
HFPA အဖွဲ့အနေဖြင့် ပြောင်းလဲပြင်ဆင်မှုများကို ဖြစ်နိုင်သမျှ မြန်မြန်နှင့်စဉ်းစဉ်းစားစား အကောင်အထည်ဖော်ဆောင်ရွက်လိုကြောင်း၊ ထိုရည်မှန်းချက်များကို အရေးတကြီးလုပ်ဆောင်ရန် အဖွဲ့အနေဖြင့် ကတိပြုကြောင်း HFPA က မေ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရွှေကမ္ဘာလုံးဆု ငါးဆုအတွက် ဆန်ခါတင်စာရင်းထဲတွင် ပါဝင်ခဲ့ဖူးသော မင်းသမီး Scarlett Johansson က HFPA အဖွဲ့အတွင်း သိသိသာသာ ပြောင်းလဲမှုများမလုပ်ဆောင်ပါက ရုပ်ရှင်လောကအတွင်းမှ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနေဖြင့် HFPA ကို သပိတ်မှောက်ကြရန် တိုက်တွန်းခဲ့သည်။
ဘုတ်အဖွဲ့သစ်နှင့် အဖွဲ့ဝင်သစ်များကို သြဂုတ်လ ပထမပတ်အတွင်း အပြီးသတ် ရွေးချယ်ခန့်အပ်သွားမည်ဟု HFPA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရွှေကမ္ဘာလုံး ဆုပေးပွဲသည် အော်စကာဆုပေးပွဲပြီးလျှင် ဂုဏ်သိက္ခာအကြီးမားဆုံး ဆုပေးပွဲဖြစ်သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား