Top News

ဗီယက်နမ်တွင် Sony ၏ အက်ရှင်ဇာတ်လမ်း Uncharted ကို ပြသခွင့် ပိတ်ပင်
24htopnews | July 23, 2024 6:12 PM CST

Sony ရုပ်ရှင်ထုတ်လုပ်ရေး၏ အက်ရှင်ဇာတ်လမ်း Uncharted တွင်ပါဝင်သောဇာတ်ဝင်ခန်းတစ်ခုမှ မြေပုံတစ်ခုတွင် အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်၏ နေရာအများအပြားကို တရုတ်ပိုင်အဖြစ် သတ်မှတ်ဖော်ပြထားသောကြောင့် ဗီယက်နမ်က ယင်းရုပ်ရှင်ကို နိုင်ငံတွင်း ပြသခွင့်ပိတ်ပင်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာတွင် မတ် ၁၂ ရက်၌ ဖော်ပြထားသည်။

ဗီယက်နမ်က ၎င်းပိုင်ဆိုင်သည်ဟု အတည်ပြုသတ်မှတ်ထားသည့် နေရာအပါအဝင် အရင်းအမြစ်ပေါကြွယ်ဝသော တောင်တရုတ်ပင်လယ်တွင်းရှိ နေရာအများအပြားကို  ထိုရုပ်ရှင်တွင် တရုတ်ပိုင်အဖြစ်သတ်မှတ်ဖော်ပြထားခြင်း ဖြစ်သည်။

ရတနာသိုက် ရှာပုံတော်အကြောင်း ဗီဒီယိုဂိမ်းဇာတ်လမ်းတွဲတစ်ခုကို အခြေခံ၍ရိုက်ကူးထားသော အက်ရှင်နှင့် သည်းထိတ်ရင်ဖိုဇာတ်လမ်းဖြစ်သော Uncharted တွင် Spider Man  သရုပ်ဆောင်အဖြစ် လူသိများသည့် မင်းသား တွမ်ဟော်လန် ပါဝင်ထားပြီး ယင်းရုပ်ရှင်ကို ဗီယက်နမ်နိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံများတွင် မတ် ၁၈ ရက်၌ ပြသရန်စီစဉ်ထားသည်။

ယင်းရုပ်ရှင်တွင် ဗီယက်နမ်အစိုးရက တရားမဝင်ဟု သတ်မှတ်ထားသည့် ဓာတ်ပုံတစ်ပုံပါရှိကြောင်း တွေ့ရှိခဲ့ပြီးနောက် ယင်းရုပ်ရှင်ကို ဖြန့်ချိပြသရန် တားမြစ်ပိတ်ပင်လိုက်ကြောင်း နိုင်ငံခြားရုပ်ရှင်များကို ဆင်ဆာဖြတ်ရန်နှင့် လိုင်စင်ချထားပေးရန် တာဝန်ယူထားသည့် အစိုးရဌာနတစ်ခုဖြစ်သော ရုပ်ရှင်ရုံဌာနအကြီးအကဲ ဗီကီယန်သန်း၏ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင်သတင်းအေဂျင်စီတွင်ဖော်ပြထားသည်။

ဗီယက်နမ်တွင် ၂၀၁၉ ခုနှစ်က Dream Works ၏ အန်နီမေးရှင်းရုပ်ရှင် Abominable ကို ပြသခွင့်ပိတ်ပင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင်လည်း Pine Gap ဇာတ်လမ်းတွဲတွင် အလားတူ ပြဿနာကြောင့် အချို့ဇာတ်လမ်းအပိုင်းများကို ဖယ်ရှားရန် Netflix ကို အမိန့်ထုတ်ပြန်ခဲ့သည်။

ဗီယက်နမ်သည် တရုတ်နှင့်ထိုင်ဝမ်တို့၏ စစ်ရေးလေ့ကျင့်မှုများကြောင့် ယခုသီတင်းပတ်အတွင်း နှစ်ကြိမ် ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။


READ NEXT
Cancel OK