အမေရိကန်ပေါ့ပ်အဆိုတော် မိုင်လေဆိုင်းရပ်စ်နှင့်အဖွဲ့ လိုက်ပါလာသည့်လေယာဉ်သည် ဖျော်ဖြေပွဲတစ်ခုအတွက် ပါရာဂွေးနိုင်ငံ၏မြို့တော် အာဆွန်စီယွန်သို့အသွား မိုးကြိုးထိမှန်ခဲ့မှုကြောင့် လေယာဉ်အရေးပေါ်ဆင်းသက်လိုက်ရသည်။
“စိတ်ပူပေးကြတဲ့ ပရိသတ်များအားလုံး၊ ကျွန်မရဲ့လေယာဉ်ဟာ မထင်မှတ်တဲ့မုန်တိုင်းကြီးတစ်ခုနဲ့ကြုံပြီး မိုးကြိုးထိမှန်ခဲ့ပါတယ်။ တီးဝိုင်းရော၊ အဖွဲ့သားတွေရော၊ ကျွန်မနဲ့အတူပါလာတဲ့ မိတ်ဆွေ၊ မိသားစုဝင်တွေပါ လေယာဉ်အရေးပေါ်ဆင်းလိုက်ရပေမဲ့ အားလုံးဘေးကင်းကြပါတယ်”ဟု ဆိုင်းရပ်စ် က မတ် ၂၃ ရက်က တွစ်တာတွင် ရေးသားခဲ့သည်။ ထို့ပြင်လေယာဉ်ပြတင်းပေါက်မှ လျှပ်စီးများမြင်နေရသည့်ဗီဒီယိုကိုလည်း သူတင်ထားသည်။
တွစ်တာဖော်လိုဝါ ၄၆ သန်းခွဲရှိသည့် Wrecking Ball သီချင်းသီဆိုသူ ဆိုင်းရပ်စ်သည် အာဆွန်စီယွန်မြို့ဂီတပွဲတော်တွင် ပါဝင်ဖျော်ဖြေရန် မြို့စွန်ရှိလေဆိပ်ကွင်းသို့ မတ် ၂၂ ရက်ညပိုင်း၌ ရောက်ရမည်ဖြစ်သည်။
သို့သော်ရာသီဥတုဆိုးရွားမှုကြောင့် ၎င်းလေယာဉ်သည် ဘရာဇီးနိုင်ငံနှင့်ထိစပ်နေသည့် ပါရာဂွေးနယ်စပ်မြို့လေးအနီး အခြားလေဆိပ်တစ်ခုတွင် အရေးပေါ်ပြောင်းဆင်းလိုက်ရသည်ဟု ပါရာဂွေးမြို့ပြလေကြောင်းဦးစီးဌာနရုံးက ပြည်တွင်းမီဒီယာသို့ ပြောသည်။
နာရီအနည်းငယ်ကြာပြီးနောက် မိုင်လေဆိုင်းရပ်စ်သည် ဘရာဇီးနိုင်ငံ ဆော်ပိုလိုမြို့သို့ ဆက်လက်ထွက်ခွာသွားသည်ဟုလည်း အဆိုပါရုံးက ပြောကြားသည်။
မုန်တိုင်းအရှိန်ကြောင့် မိုးကြီးသည့်အတွက် ဂီတပွဲတော်စီစဉ်သူများက ပွဲပထမနေ့ကို ဆိုင်းငံ့လိုက်ပြီး မြို့တော်အာဆွန်စီယွန်နှင့် အနီးတစ်ဝိုက်ဒေသများတွင် ကားများနစ်မြုပ်၊ လျှပ်စစ်မီးများလည်း ပြတ်တောက်ခဲ့သည်ဟု အာဏာပိုင်များက ထုတ်ပြန်သည်။
မိုင်လေဆိုင်းရပ်စ်အပြင် ဂီတပွဲဖွင့်ပွဲနေ့တွင် ဖျော်ဖြေရမည့်သူများထဲ Foo Fighters၊ ဒိုဂျာကတ်နှင့် မက်ရှင်းဂန်းကယ်လီတို့လည်းပါဝင်ပြီး ကယ်လီက ဖွင့်ပွဲနေ့ဖျော်ဖြေမှုအစား သူတည်းခိုသည့် ဟိုတယ်အပြင်ဘက်တွင် ဖျော်ဖြေပေးခဲ့သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား