Top News

စင်ကာပူ F1 ကားပြိုင်ပွဲတွင် Green Day ၊ Westlife နှင့် Marshmello တို့ ဖျော်ဖြေမည်
24htopnews | July 22, 2024 11:12 PM CST

ယခုနှစ် စက်တင်ဘာ၃၀ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ကျင်းပမည့် စင်ကာပူ Formula 1 ကားပြိုင်ပွဲတွင် အမေရိကန်အဆိုတော်အဖွဲ့ Green Day ၊ အိုင်ယာလန်အမျိုးသားအဖွဲ့ Westlife နှင့် အမေရိကန် DJ  Marshmello တို့က ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။ ယင်းသည် ထိုပြိုင်ပွဲ အခမ်းအနားတွင် ဖျော်ဖြေရန် အတည်ပြုထားသည့် ပထမဆုံးအဖွဲ့ဖြစ်သည်။

Marina Bay ရှိ F1 Circuit Park တွင် ကျင်းပမည့် ယင်းပြိုင်ပွဲတွင် ပါဝင်ဖျော်ဖြေမည့်သူအများအပြားကို မကြာမီထပ်မံကြေညာသွားမည်ဟု သိရသည်။

၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့သည့် Alone သီချင်းနှင့် ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့သည့် Happier သီချင်းကဲ့သို့ နာမည်ကျော်သီချင်းများဖြင့် လူသိများသည့် Marshmello သည် စက်တင်ဘာ ၃၀ ရက်ညတွင် ဖျော်ဖြေသွား မည်ဖြစ်သည်။

၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့သည့် My Love သီချင်းနှင့် ၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့သည့် If I Let You Go သီချင်းအပါအဝင် အောင်မြင်ကျော်ကြားခဲ့သည့် သီချင်းအများအပြားကို သီဆိုခဲ့သော Westlife အဖွဲ့က အောက်တိုဘာ ၁ ရက်တွင် ဖျော်ဖြေသွားမည်ဖြစ်သည်။

၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့သည့် Boulevard Of Broken Dreams နှင့် ၁၉၉၃ ခုနှစ်က ထွက်ရှိခဲ့သည့် Basket Case သီချင်းများကဲ့သို့ နာမည်ကျော်ကြားသည့် သီချင်းများကို သီဆိုခဲ့သည့် အဖွဲ့ဝင်သုံးဦးပါဝင်သော Green Day အဖွဲ့က အောက်တိုဘာ ၂ ရက် တွင် ဖျော်ဖြေသွားမည်ဖြစ်သည်။

ဂရမ်မီဆုရ Green Day အဖွဲ့သည် စင်ကာပူတွင် ၂၀၂၀ ခုနှစ် မတ်လကဖျော်ဖြေရန် အစောပိုင်းက စီစဉ်ထားသော်လည်း ၂၀၂၁ ခုနှစ် ဧပြီလအထိ ရွှေ့ဆိုင်းခဲ့ပြီး ကပ်ရောဂါကြောင့် ဖျော်ဖြေမှုအစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။

ယင်းအဖွဲ့သည်စင်ကာပူ မိုးလုံလေလုံ အားကစားကွင်းတွင် ၂၀၁၀ ခုနှစ်ကနောက် ဆုံးဖျော်ဖြေခဲ့သည်။Padang စတိတ်တွင် ပြုလုပ်မည့် F1 ဖျော်ဖြေပွဲများသည် စင်ကာပူ တွင်နှစ်ပေါင်းများစွာအတွင်း အကြီးဆုံး ဖျော်ဖြေပွဲဖြစ်လာလိမ့်မည်ဖြစ်ပြီး ပရိသတ်အင်အား ၆၅,၀၀၀ ကြည့်ရှုနိုင်မည်ဖြစ်သည်။

စင်ကာပူ Grand Prix ပြိုင်ပွဲကို ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ခုနှစ် တွင် ပြုလုပ်ကျင်းပခဲ့ခြင်းမရှိဘဲ ယခုနှစ်တွင် ပြုလုပ်မည့်ပွဲအတွက် ဧပြီလအစောပိုင်းက ပထမအသုတ်လက်မှတ်ရောင်းချခဲ့ရာနာရီပိုင်းအတွင်း ကုန်သွားခဲ့သည်။


READ NEXT
Cancel OK