Top News

ကချင်ပြည်နယ် အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် EU အဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံတကာမှ သံရုံးတာဝန်ရှိသူများက လက်မှတ်ထိုး၍ ပူးတွဲကြေညာချက်ထုတ်ပြန်
24htopnews | July 11, 2024 6:12 PM CST

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသတွင် ကျင်းပသည့် (၆၂) နှစ်မြောက် KIO ထူထောင်ရေးနေ့ အကြိုပွဲ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံတကာမှ သံရုံးတာဝန်ရှိသူများက လက်မှတ်ထိုး၍ ပူးတွဲကြေညာချက်တစ်စောင်ကို အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကြောင့် လူအများအပြား အသက်ဆုံးရှုံးကြရသည့်သတင်းကို ကြားသိရကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းတွင် အရပ်သားများ ထိခိုက်ခြင်း၊ အတိဒုက္ခခံစားရခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်း အကျပ်အတည်းနှင့် မတည်ငြိမ်မှုများ ကြုံတွေ့နေရသည့်အပြင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ အရပ်သားများကို အကာအကွယ်ပေးရမည့် တာဝန်ဝတ္တရားကို အလေးထားရန်လိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါကြေညာချက်ကို သြစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများဖြစ်ကြသော ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံတို့အပြင် နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် သံရုံးအကြီးအကဲများက ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အနန့်ပါဒေသသည် KIA တပ်စခန်းမဟုတ်ဘဲ ခရီးသွားများ ခေတ္တခဏအနားယူကြသည့် စျေးဆိုင်တန်း စခန်းငယ်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)က အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်သည်။

အနန့်ပါဒေသတွင် အရပ်သားပြည်သူများ ပူးပေါင်းပါဝင်၍ (၆၂) နှစ်ပြည့်  KIO နှစ်ပတ်လည်နေ့ကို ကြိုဆိုသည့်အစီအစဉ်များ ကျင်းပနေနေစဉ် အောက်တိုဘာ ၂၃ ရက်ညပိုင်းက ဗုံကြဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း KIO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်တွင် အသက်ဆုံးရှုံးခဲ့သူများနှင့် ထိခိုက်ဒဏ်ရာရရှိသွားသည့် အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်သားပြည်သူများအတွက် များစွာစိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းရကြောင်းနှင့် အသက်ဆုံးရှုံးသွားကြသူများ၏ ကျန်ရစ်သူမိသားစုဝင်များ၊ ဆွေမျိုးသားချင်းများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း KIO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်ဘက်ကမူ KIA တပ်မဟာ (၉) ဌာနချုပ်အား တန်ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။


READ NEXT
Cancel OK