Top News

BRIT ဂီတဆုပေးပွဲတွင် အဒဲလ် ပါဝင်ဖျော်ဖြေမည်ဖြစ်ပြီး ဆုလေးဆုအတွက်လည်း ဆန်ခါတင်လျာထားခံရ
24htopnews | June 27, 2024 3:12 AM CST

ဗြိတိန်စူပါစတား အဒဲလ်က နောက်သီတင်းပတ်၌ ကျင်းပပြုလုပ်မည့် BRIT ဂီတထူးချွန်ဆုပေးပွဲတွင် ပါဝင်တင်ဆက်သွားမည်ဖြစ်ကြောင်း အတည်ပြုထားသည်။ သူသည် ကိုဗစ်ဆိုင်ရာအခြေအနေများကြောင့် လတ်စ်ဗီးဂတ်စ်တွင် ပြုလုပ်မည့်ရှိုးပွဲများကို ရွှေ့ဆိုင်းထားပြီး ထိုသို့ရွှေ့ဆိုင်းကြောင်းကို ပရိသတ်များအား လွန်ခဲ့သည့်နှစ်ပတ်က ငိုပြီး အသိပေးခဲ့သည်။

BRIT ဆုပေးပွဲကို အဒဲလ်၏ ဇာတိမြို့ဖြစ်သည့် လန်ဒန်တွင် ဖေဖော်ဝါရီ ၈ ရက်၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါဆုပေးပွဲတွင် သူက ဆုလေးဆုအတွက် ဆန်ခါတင်ရွေးချယ်ခံထားရသည်။

“နောက်တစ်ပတ်  BRIT ပွဲမှာ ကျွန်မဖျော်ဖြေပါမယ်” ဟု အဒဲလ်က အင်စတာဂရမ်တွင် အသိပေးရေးသားထားပြီး The Garham Norton Show ရုပ်သံအစီအစဉ်တွင်လည်း ပါဝင်မည်ဟု ကြေညာထားသည်။ ယခုသီတင်းပတ်အစောပိုင်းတွင် ဗြိတိန်မီဒီယာအချို့က BRIT ဆုပေးပွဲတွင် အဒဲလ် ဖျော်ဖြေမည်မဟုတ်ဟု ဖော်ပြခဲ့ကြပြီးနောက် သူမ၏ အတည်ပြုချက်ထွက်လာခြင်းဖြစ်သည်။

အဒဲလ်သည် နိုဝင်ဘာ ၁၉ ရက်တွင် 30 အမည်ဖြင့် တေးအယ်လ်ဘမ်သစ် ထွက်ထားပြီး ၎င်းအခွေသည် နိုင်ငံပေါင်း ၃၀ တွင် နံပါတ် (၁) ဖြစ်ခဲ့ကာ အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၁ အတွင်း အရောင်းရဆုံးအခွေဖြစ်လာသည်ဟု Billboard က ဖော်ပြခဲ့သည်။

BRIT ဆုပေးပွဲတွင် သူက တစ်နှစ်တာ အကောင်းဆုံး တေးအယ်လ်ဘမ်ဆု၊ တစ်နှစ်တာ အကောင်းဆုံး အဆိုတော်ဆု၊ Easy On Me သီချင်းဖြင့် အကောင်းဆုံးတေး သီချင်းဆု၊ အကောင်းဆုံးပေါ့ပ်၊ R&B အဆိုတော်ဆုတို့အတွက် ဆန်ခါတင်လျာထားခံရသည်။ အဒဲလ်သည် BRIT ဆု ကိုးဆုရထားပြီးဖြစ်သည်။

ယခုနှစ်ဆုပေးပွဲတွင် အဒဲလ်ကဲ့သို့ နာမည်ကျော်အဆိုတော်များလည်း ပါဝင်ဖျော်ဖြေပေးမည်ဖြစ်ပြီး အက်ရှီရန်လည်း ပါဝင်တင်ဆက်သွားမည်။ အဒဲလ်သည် ၂၀၁၇ ခု နှစ်နောက်ပိုင်း ပထမဆုံးလိုက်ဖ်ရှိုးတင်ဆက်မှုအဖြစ် ဇန်နဝါရီ ၂၁ ရက်မှ ဧပြီ ၁၆ ရက်အထိ စနေ၊ တနင်္ဂနွေအပတ်တိုင်း Weedends with Adele အမည်ဖြင့် ရှိုးပွဲများ ပြုလုပ်ရန်စီစဉ်ထားသည်။

သို့သော် လတ်စ်ဗေးဂတ်စ်ရှိ  ဆီးဇာစ်ပဲလေ့ဟိုတယ်တွင် ပြုလုပ်မည့် ရှိုးပွဲများကို သူက ဇန်နဝါရီတွင် ရွှေ့ဆိုင်းလိုက်သည်။ သူနှင့် တွဲဖက်အလုပ်လုပ်မည့် သူများထဲမှ ထက်ဝက်က ကိုဗစ်ကူးစက်ခံရသောကြောင့် ဖြစ်သည်။ အဒဲလ်သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်တွင်လည်း လန်ဒန်ဟိုက်ဒ်ဥယျာဉ်တွင် ဖျော်ဖြေပွဲနှစ်ပွဲ ပြုလုပ်သွားဖွယ်ရှိသည်။

အဒဲလ်သည် ဂီတလောကနှင့်ခြောက်နှစ်ကြာ ဝေးကွာနေခဲ့ပြီး 30 မတိုင်မီ နောက်ဆုံးထွက်ခဲ့သည့်  25 တေးအယ်လ်ဘမ်သည် ၂၀၁၅ ခုနှစ်က ဗြိတိန်တွင် ရုပ်ရှင်ဇာတ်ကားများအပါအဝင် အခြားသောဖျော်ဖြေရေးအရာများအားလုံးထက်  ရောင်းအားပိုကောင်းခဲ့သည်။


READ NEXT
Cancel OK