Top News

မိဘမဲ့ကလေးများ၊ ဆွံ့အနားမကြား ကလေးငယ်များနှင့် မသန်စွမ်း ကလေးငယ်များကို လှူဒါန်းရန် ရည်ရွယ်သည့် နိုင်ငံတကာ ဂီတပညာရှင်နှစ်ဦး၏ ဖျော်ဖြေပွဲ ပြုလုပ်မည်
24htopnews | June 25, 2024 4:12 PM CST

မိဘမဲ့ ကလေးငယ်များ၊ ဆွံ့အနားမကြား ကလေးငယ်များနှင့် မသန်စွမ်း ကလေးငယ်များကို လှူဒါန်းရန် ရည်ရွယ်သည့် နိုင်ငံတကာ ဂီတပညာရှင်နှစ်ဦး၏ ဖျော်ဖြေပွဲကို နိုဝင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့ Chatrium ဟိုတယ်၌ ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါ ဂီတဖျော်ဖြေပွဲတွင် တယောပညာရှင် Heloise Geoghegan နှင့် စန္ဒရားပညာရှင် Giuseppe Andaloro တို့က ပါဝင်ဖျော်ဖြေမည်ဖြစ်ကာ မြန်မာတေးသံရှင် ချမ်းချမ်းကလည်း အားဖြည့် ပါဝင်သီဆိုရန် စီစဉ်ထားသည်။
“မြန်မာကလေးတွေရဲ့ ပညာရေးအတွက် စဉ်ဆက်မပြတ် ကူညီမှုတွေ ပြုလုပ်နေသလို ကလေးတွေရဲ့ အိပ်မက်တွေ ပြည့်ဝလာစေဖို့ ဆုလာဘ်တွေနဲ့ ပြည့်ဝတွေဘဝတွေပိုင်ဆိုင်နိုင်စေဖို့ ရည်ရွယ်ပါတယ်” ဟု အဆိုပါ ဂီတဖျော်ဖြေပွဲအား ပူးပေါင်းစီစဉ်သည့် Chatrium Hotel Royal Lake Yangon ၏ General Manager မမေမြတ်မွန်ဝင်းက ဆိုသည်။
ရန်ပုံငွေပွဲအဖြစ် ရည်ရွယ်ကျင်းပမည့် Music For Myanmar ဂီတဖျော်ဖြေပွဲတွင် ပါဝင်မည့် တယောပညာရှင် Heloise Geoghegan သည် နိုင်ငံတကာတွင် ထင်ရှားသည့် တယောပညာရှင် တစ်ဦးဖြစ်သည်။ စန္ဒရားပညာရှင် Giuseppe Andaloro သည် ဟောင်ကောင်၊ ဘော်စနီနှင့် လန်ဒန်ကမ္ဘာ့ စန္ဒရားပြိုင်ပွဲများ၏ ပထမဆုရှင် တစ်ဦးဖြစ်ပြီး နိုင်ငံတကာသို့ လှည့်လည်ကာ သံစုံဂီတအဖွဲ့များနှင့် ပူးပေါင်း၍ ဂီတလက်စွမ်းပြ တင်ဆက်နေခြင်း ဖြစ်သည်။
Music for Myanmar ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာ ၂၂ ရက် ညနေ ၆ နာရီခွဲတွင် စတင်ကျင်းပမည်ဖြစ်ပြီး လက်မှတ်ဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၇၀ ဟု သတ်မှတ်ထားကြောင်း သိရသည်။ ဂီတဖျော်ဖြေပွဲမှ ရရှိလာသည့် အကျိုးအမြတ်များကို ဒလမြို့နယ်မှ ပါရမီမိဘမဲ့ကလေးကျောင်းမှ ကလေးများ၊ မေရီချပ်ပ်မင်း ဆွံ့အနားမကြား ကျောင်းမှကလေးငယ်များ၊ ရွှေပြည်သာမြို့နယ်ရှိ နဝရတ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကလေးငယ်များအတွက် လှူဒါန်းမည် ဖြစ်ကြောင်းသိရသည်။


READ NEXT
Cancel OK