လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၃ ဒသမ ၃ သန်းကျော် တင်သွင်းမှု ဒေါ်လာ ၁ ဒသမ ၈ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် တန်ချိန်လေးသိန်းနှင့် တန်ဖိုးဒေါ်လာ ၅၆ သန်း ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
“ ဒီနှစ်မှာ ယခင်ကာလတူထက် ဒီဇယ် တင်သွင်းမှုက တန်ချိန် နှစ်သိန်းလောက် ပိုတယ်။ တန်ဖိုးကတော့ ဒေါ်လာ ၃၅ သန်းလောက် လျော့တယ်။ ဓာတ်ဆီက တန်ချိန် နှစ်သိန်းပိုတယ်။ တန်ဖိုးကတော့ ၉၁ သန်းလောက် ပိုတယ်။ စုစုပေါင်းဆိုရင်တော့ တန်ချိန်က လေးသိန်းပိုတယ်။ တန်ဖိုးကတော့ ဒီဇယ်မှာ ဒေါ်လာ ၃၅ သန်း လျော့ပေမယ့် ဓာတ်ဆီမှာ ၉၁ သန်းအထိပိုတော့ စုစုပေါင်း တန်ဖိုးက ၅၆ သန်းပိုတယ်” ဟု ဦးခင်မောင်လွင်က ပြောကြားသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၂၄ ရက်အထိ ခုနစ်လခန့်တွင် ပြည်ပမှ ဒီဇယ်တန်ချိန် နှစ်သန်း တင်သွင်းထားပြီး တန်ဖိုးဒေါ်လာ ၁ ဒသမ ၁၄ ဘီလျံအထိ ရှိသည်။ ယခင်နှစ်ကာလတူထက် တန်ချိန် ၁ ဒသမ ၈ သန်း တင်သွင်းထားပြီး တန်ဖိုးဒေါ်လာ ၁ ဒသမ ၁၇ သန်းကျော် ရှိသည်။
ဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ဒီဇယ်တန်ချိန် နှစ်သိန်း ပိုမိုတင်သွင်းထားသော်လည်း တန်ဖိုးဒေါ်လာ ၃၅ သန်း လျော့ကျခဲ့သည်။
အဆိုပါကာလအတွင်း ဓာတ်ဆီတင်သွင်းမှုသည် တန်ချိန် ၁ ဒသမ ၃ သန်း တင်သွင်းထားပြီး တန်ဖိုးဒေါ်လာ ၇၄၇ သန်းရှိသည်။ ယခင်နှစ်ကာလတူတွင် တန်ချိန် ၁ ဒသမ ၁ သန်း တင်သွင်းထားပြီး တန်ဖိုးဒေါ်လာ ၆၅၆ သန်းသာ တင်သွင်းထားသည်။
ထို့ကြောင့် ဓာတ်ဆီတန်ချိန် နှစ်သိန်း ပိုမိုတင်သွင်းထားပြီး တန်ဖိုးဒေါ်လာ ၉၁ သန်း ပိုမိုတင်သွင်းထားသည်။
လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ပြည်ပမှ စုစုပေါင်း စက်သုံးဆီတန်ချိန် ၃ ဒသမ ၃ သန်းကျော် တင်သွင်းမှုသည် တန်ဖိုးဒေါ်လာ ၁ ဒသမ ၈ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် တန်ချိန်အားဖြင့် လေးသိန်းနှင့် တန်ဖိုးအားဖြင့် ဒေါ်လာ ၅၆ သန်း ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။
မေ ၈ ရက်တွင် ပြည်တွင်း စက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ် လက်လီ တစ်လီတာ ကျပ် ၄၀၅ မှ ၄၈၀ ကြား၊ လက်ကား တစ်လီတာ ကျပ် ၄၀၅ မှ ၄၁၀ ကြား၊ Premium ဒီဇယ် လက်လီ တစ်လီတာ ကျပ် ၄၁၅မှ ၄၉၀ ကြား၊ လက်ကား တစ်လီတာ ကျပ် ၄၁၅ မှ ၄၂၀ ကြားရှိကြောင်း မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အတူ ဓာတ်ဆီ (RON 92) လက်လီ တစ်လီတာ ကျပ် ၃၁၀ မှ ၃၄၅ ကြား၊ လက်ကား တစ်လီတာ ကျပ် ၃၃၅ မှ ၃၄၅ ကြားနှင့် ဓာတ်ဆီ (RON 95) လက်လီ တစ်လီတာ ကျပ် ၄၅၀ မှ ၄၈၀ ကြား၊ လက်ကား တစ်လီတာ ကျပ် ၃၇၅ မှ ၃၉၀ ကြားရှိသည်။
ကမ္ဘာ့ရေနံစျေးသည် ဧပြီ ၂၃ ရက်တွင် တစ်စည် ၆၆ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ပြီးနောက် မေ ၂၈ ရက်တွင် ၅၉ ဒေါ်လာဝန်းကျင်၊ ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာဝန်းကျင်အထိ ၁၅ ရက်အတွင်း ၁၃ ရာခိုင်နှုန်းကျော် ပြန်ကျခဲ့သည်။ ပြည်တွင်းစက်သုံးဆီစျေးနှုန်းသည် ဇန်နဝါရီလဆန်းမှ မေလကုန်ပိုင်းအထိ ခြောက်လနီးပါးအတွင်း တစ်လီတာ ကျပ် ၁၆၀ မှ ၂၅၅ ကျပ်အထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး စက်သုံးဆီ အမျိုးအစားအလိုက် ၁၈ ရာခိုင်နှုန်းကျော်မှ ၃၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ရာမှ ဇွန်လဆန်းမှ စတင်မှာ ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။
၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက်သုံးဆီစျေးနှုန်း (လီတာ) များအလိုက် မြင့်တက်ခဲ့သော ပမာဏများမှာ ဇန်နဝါရီတွင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ်တွင် ၅၅ ကျပ်မှ ကျပ် ၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ စျေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ပြီး မေတွင် အတက်အကျနည်းပါးခဲ့ကာ ဇွန်လဆန်းမှစတင်ကာ စျေးနှုန်းများ ပြလည်ကျဆင်းခဲ့ခြင်းဖြစ်သည်။
ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာ စံချိန်တင် စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။
-
မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးတွင် မြန်မာနိုင်ငံ၏ နယ်နိမိတ်ပိုင်နက် နယ်မြေဆုံးရှုံးမှု မရှိစေရေး၊ နှစ်နိုင်ငံအကြား နယ်နိမိတ်သတ်မှတ်ချက်ကို အလေးထားဆောင်ရွက်ရန် စီးပွား/ကူးသန်းဝန်ကြီး ပြောကြား
-
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ၍ ဂျပန်နိုင်ငံကူညီမှုဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ရန်ကုန် -မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းများ ဆွေးနွေး
-
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းသည့် ၁၃ ခုမြောက် တရုတ်လေကြောင်းလိုင်းအဖြစ် Qingdao လေကြောင်းလိုင်း နင်းပေါ်-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ် စတင်ပျံသန်း
-
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် မြန်မာနိုင်ငံသို့ပြောင်းရွှေ့လုပ်ကိုင်လိုသည့် နိုင်ငံတကာလုပ်ငန်းရှင်များရှိသော်လည်း သုံးလအတွင်း မြေနေရာရရှိရေးဆောင်ရွက်မပေးနိုင်သဖြင့် အာဆီယံနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြောင်း ဝန်ကြီးနော်ပန်းသဥ္ဇာမျိုး ပြောက
-
၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်တင်သွင်းမှုမူဝါဒဆိုင်ရာ Model Year သတ်မှတ်ချက် ထွက်ရှိလာပြီး မော်တော်ယာဉ်တင်သွင်းမှု အစီအစဉ်အားလုံးတွင် ယခင်နှစ်ထက် ထုတ်လုပ်သည့်ခုနှစ် တစ်နှစ်စီထပ်တိုး