Top News

ကရင်ပြည်နယ်တွင် ကော်ဖီသီးနှံကို ဧက ၁၀၀၀ တိုးချဲ့စိုက်မည်
24htopnews | June 16, 2024 7:12 PM CST

ကရင်ပြည်နယ်တွင် စျေးကွက်ဝယ်လိုအား ကောင်းမွန်သည့် ကော်ဖီသီးနှံကို ဧက ၁၀၀၀ တိုးချဲ့စိုက်ပျိုးမည်ဖြစ်ကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ်က ပြောသည်။

ဘားအံမြို့နယ်၊ အုန်းတပင် ကျေးရွာအုပ်စု၊ ဗျိုင်းတောင်ကျေးရွာ၌ ကျင်းပသည့် ကော်ဖီပျိုးပင်ထောက်ပံ့ပေးအပ်ခြင်းနှင့် ကော်ဖီပင်စုပေါင်းစိုက်ပျိုးပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်မှ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြား ဝင်ငွေရှာဖွေပေးနိုင်သည့် ကော်ဖီသီးနှံကို ကျယ်ကျယ်ပြန့်ပြန့်နေရာအနှံ့တိုးချဲ့စိုက်ပျိုးလာနိုင်မှသာ ထုတ်ကုန်အများအပြားထုတ်လုပ်လာနိုင်မည်ဖြစ်ပြီး ဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ဆိုသည်။

ယခုလက်ရှိတွင် ကရင်ပြည်နယ်၌ ကော်ဖီစိုက်ဧက ၁၀၀၂၉ ဧကမှ အစေ့အဆံတန်ချိန် ၂၁၂၂၉ ဒဿမ ၆ တန် ထွက်ရှိလျက်ရှိပြီး သံတောင်ကြီးဒေသတွင် မြေနိမ့်ကော်ဖီ(ရိုဘတ်စတာ)ကို အများအပြားစိုက်ပျိုးထားကြောင်းလည်း သိရသည်။

ကော်ဖီသီးနှံမှာ တန်ဖိုးမြှင့်သီးနှံတစ်မျိုးဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်မှုပမာဏအရ ရောင်းဝယ်မှုအများဆုံး ကုန်စည်စာရင်းတွင်ပါဝင်သည့်အတွက် ဈေးကွက်ဝယ်လိုအားကောင်းသော ကော်ဖီသီးနှံကို စိုက်ပျိုးရန် ကော်ဖီသီးနှံစိုက်ပျိုးမည့်တောင်သူများအား ဧက(၁၀၀)အတွက် ကော်ဖီပျိုးပင် (၄၃၅၀၀) ပင်အား ဖြန့်ဝေပေးခဲ့ကြောင်းလည်း သိရသည်။


READ NEXT
Cancel OK