Top News

ပိုးမမှီသာနှင့် တွေ့ဆုံခြင်း
24htopnews | June 15, 2024 12:12 AM CST

‘သိင်္ဂါရသီချင်းတစ်ပုဒ်’ Music Video တွင် တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်နှင့် တွဲဖက်ပါဝင်ခဲ့ရာမှ ပရိသတ်ချစ်ခင်မှုများစွာ ရရှိလာသူ သရုပ်ဆောင် ပိုးမမှီသာသည် ပထမဆုံးရုပ်ရှင်ဇာတ်ကား ‘ပိတောက်ကတဲ့ဂီတ’ တွင် ပါဝင်သရုပ်ဆောင်ခဲ့ရာတွင်လည်း ပရိသတ်ချစ်ခင်မှု များစွာထပ်မံရရှိခဲ့သူဖြစ်သည်။ ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးအဖြစ် ကြိုးစားထမ်းဆောင်ခဲ့သူ သရုပ်ဆောင် ပိုးမမှီသာသည် ဒီဇင်ဘာလကုန်တွင် ဟောက်စ်ဆာဂျင်ကာလ ပြီးဆုံးတော့မည်ဖြစ်သည်။ နှစ်များစွာ ကြိုးစားအားထုတ်ခဲ့ရသည့် ဆရာဝန်တစ်ဦး၏ Life တွင်လည်း အသက်ကြီးသည်အထိ ဖြတ်သန်းရပ်တည်လိုသူ၊ ပရိသတ်အားပေး ချစ်ခင်မှုရရှိချိန်တွင်လည်း တတ်စွမ်းသရွေ့အနုပညာဖန်တီးမှုများ လုပ်ဆောင်လိုသူ သရုပ်ဆောင်ပိုးမမှီသာနှင့် မေးမြန်းဖြစ်ခဲ့ပါသည်။

မေး လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

ဖြေ လတ်တလောကတော့ အားလုံးကလည်း ရိုက်ကူးရေးတွေနားထားကြတာဆိုတော့ လူနည်းစုနဲ့ပဲရိုက်ရတဲ့ ကြော်ငြာရိုက်ကူးရေးလေးတွေကို သေချာကာကွယ်မှုလေးတွေလုပ်ပြီး ရိုက်ဖြစ်ပါတယ်။ ဆေးရုံဂျူတီက ဒီဇင်ဘာလကုန်မှပဲပြီးမှာဆိုတော့ ဆေးရုံဂျူတီပဲ တောက်လျှောက်သွားဖြစ်နေတယ်။

မေး ကိုဗစ်ကပ်ရောဂါနဲ့ရင်ဆိုင်နေရတဲ့အနေအထားက တစ်နှစ်ပြည့်တော့မယ်။ ဒီအချိန်မှာ ကြောက်လန့်မှု၊ စိုးရိမ်မှုတွေရှိကြသလို အဆင်မပြေမှုအခက်အခဲတွေလည်းရှိကြတယ်။ ဒီအပေါ် ဘယ်လိုများ အကြံပြုစကားလေး ပြောချင်တာများရှိမလဲ။

ဖြေ ကိုဗစ်ကပ်ရောဂါပျံ့နှံ့လာတာက တစ်နှစ်နီးပါးရှိလာပြီ။ ပထမပိုင်းမှာတော့ ကြောက်လန့်တကြားဖြစ်ကြတယ်။ အချိန်ကြာလာတာနဲ့အမျှ ရိုးလာတာမျိုးလည်းရှိသလို တချို့လည်း အခုချိန်အထိကို ကြောက်လို့ သေချာကာကွယ်ကြတာတွေရှိနေတုန်းပဲ။ တချို့လည်း မေ့မေ့ပျောက်ပျောက်နဲ့ ရိုးလာကြတာတွေလည်းရှိတယ်။ လက်တွေ့မှာတော့ ရောဂါဖြစ်နေသူတွေရှိနေတုန်းပဲ ဖြစ်သလို ရောဂါပြင်းထန်စွာခံစားရသူတွေ၊ သေဆုံးသူတွေရှိနေကြတုန်းပဲ။ ဒါကြောင့် ကိုယ့်ဘက်ကမပေါ့ဆဘဲ သတိပြုရမယ့်အခြေအနေပါ။ ရောဂါပြီး ဆုံးသွားဖို့က မှန်းဆကြည့်မယ်ဆိုရင်လည်း လိုသေးတယ်။ ဒီအတွက် New Normal Lifestyle အနေနဲ့ မလုပ်မဖြစ်လုပ်ရမယ့် အလုပ်တွေကို သေချာကာကွယ်မှုနဲ့ လုပ်ဆောင်နိုင်ဖို့ လေ့ကျင့်ရမယ်ထင်ပါတယ်။ ပိုး ကိုယ်တိုင်လည်း New Normal Lifestyle နဲ့ နေနိုင်ဖို့ကြိုးစားတယ်။ အခုချိန်မှာ work from home လုပ်ခွင့်ရသူတွေကတော့ ကံကောင်းတာပေါ့နော်။ မဖြစ်မနေ အလုပ်သွားရမယ်ဆိုရင်တော့ သေချာစိတ်ချရမယ့် Mask ကို အချိန်ပြည့် တပ်ထားမယ်။ လူအများနဲ့စကားပြောတဲ့အခါ ခြောက်ပေခွာပြီးနေမယ်။ မသွားမဖြစ်ကိစ္စကိုပဲ သွားမယ်။ လက်ကိုစင်ကြယ်အောင် ဆေးမယ် စသဖြင့် ခါတိုင်းလုပ်နေကျမဟုတ်တာတွေကို ပုံမှန်လုပ်နေကျတွေဖြစ်လာအောင် လေ့ကျင့်ယူရပါမယ်။ ပိုးကိုယ်တိုင်လည်းကြိုးစားယူနေတယ်။ နောက်ပိုင်းလည်း ဒီလိုအလေ့အကျင့်တွေနဲ့ပဲ New Normal အလုပ်တွေ လုပ်သွားဖို့ရှိပါတယ်။

မေး ကိုယ်တိုင်က ဆရာဝန်တစ်ယောက်လည်းဖြစ်နေတော့ ဒီလိုကပ်ရောဂါကာလမှာ ကျန်းမာရေးဝန်ထမ်း တစ်ယောက်အနေနဲ့ ဖြတ်သန်းတဲ့အတွေ့အကြုံနဲ့ ခံယူချက်ကို ပြောပေးပါဦး။

ဖြေ ဆရာဝန်တွေကတော့ ကိုယ့်ဆီကို ဘယ်လိုလူနာပဲရောက်လာပါစေ ကုသပေးကြရတာပေါ့နော်။ တစ်ဖက်မှာစဉ်းစားကြမယ်ဆိုလည်း ဆရာဝန်ဆိုတာလည်း လူပဲလေ။ သူ့မှာမိသားစုရှိမယ်။ သူ့ကိုယ်ပိုင်ခံစားချက်၊ သူဖြစ်ချင်တာတွေရှိမယ်။ လူတွေဘက်ကတော့ ငါတို့ဆင်ခြင်သင့်သလောက် ဆင်ခြင်ပြီးပြီ။ အခုတော့ မတတ်နိုင်တော့ဘူး။ အဆင်ပြေသလိုနေလိုက်ဦးမယ်လို့ တွေးလို့ရပေမဲ့ လူနာအရေအတွက်များလာတဲ့အခါ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ PPE တွေဝတ်ပြီး အပင်ပန်းခံကြရတာပေါ့နော်။ ကိုယ့်ကြောင့်မိသားစုကို မထိခိုက်စေချင်တဲ့အတွက် မိသားစုနဲ့ခွဲနေကြတယ်။ ဒီအခါဘယ်တော့မှ မိသားစုနဲ့အတူပြန်နေခွင့်ရမှာလဲဆိုတဲ့ ခံစားချက်တွေရှိကြတယ်။ ကျန်းမာရေးဝန်ထမ်းတွေက စိတ်ရောလူပါပင်ပန်းနေကြပြီဆိုတာလည်း သိကြမှာပါ။ လူနာနည်းသွားမှ၊ လူနာအရေအတွက် သုညဖြစ်သွားမှ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေလည်း လျော့သွားမှာဆိုတော့ ပိုးက အားလုံးပဲ စည်းကမ်းတကျလေး နေထိုင်ပေးခြင်းအားဖြင့် ကူညီပေးဖို့မေတ္တာရပ်ခံပေးချင်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကိုယ်ချင်းစာနာပေးဖို့လည်း ထပ်လောင်းပြောပြချင်ပါတယ်။

မေး ဟောက်ဆာဂျင်ဆင်းရတဲ့ ကာလပြီးပြီဆိုတော့ ဆရာဝန်ဘဝပဲဆက်ရွေးချယ်မလား။ အနုပညာ အလုပ်တွေပဲ ဆက်လုပ်ဖြစ်မလား။

ဖြေ  ဒီဇင်ဘာလကုန်ရင်တော့ ဟောက်စ်က ပြီးပြီ။ အဲဒီတော့ ဆရာဝန်ပဲလုပ်ရမလား၊ အနုပညာအလုပ်တွေပဲ ဆက်လုပ်ရမလားပေါ့နော်။ ဒီဘက်မှာလည်း ရိုက်ကူးရေးတွေ အားလုံးက ရပ်နားထားရတယ်။ ရုပ်ရှင်ဆို လုံးဝရိုက်လို့မရဘဲ ကြော်ငြာလောက်ပဲ ရိုက်လို့ရသေးတယ်ဆိုတော့ အရမ်းတွေဝေတယ်ပေါ့နော်။ ဆရာဝန်အလုပ်ကျတော့လည်း ဘယ်လောက်ပဲပင်ပန်းပေမဲ့ ပျော်တယ်။ ဆရာဝန်ဘဝကိုလည်း မစွန့်လွှတ်ချင်သေးဘူးပေါ့နော်။ ဒီကြားထဲတော့ ပိုးစိတ်ဝင်စားတဲ့ ဆေးပညာဘာသာရပ်တွေကို ဆက်လက်လေ့လာရင်း၊ လုပ်လို့ရမယ့် အနုပညာအလုပ်လေးတွေ လုပ်ရင်းပဲဖြတ်သန်းဖြစ်မှာပါ။ တစ်ခုခုကို အပြီးသတ်စွန့်လွှတ်တယ်ဆိုတာမျိုးရှိမှာမဟုတ်သေးပါဘူး။ အစကတော့ ကျောင်းပြီးသွားရင် ဆရာဝန်ပဲဆက်လုပ်မယ်လို့ ဖြေခဲ့ဖူးတာမျိုးရှိတယ်။ ဒါပေမဲ့ ရုပ်ရှင်တစ်ကားရိုက်ပြီးတဲ့အချိန်မှာ အနုပညာနဲ့ပတ်သက်လို့ပိုပြီးလုပ်ချင်တာ၊ ဖြစ်ချင်တာလေးတွေ ရှိလာတယ်။ ကံ အကျိုးပေးတုန်း၊ ပရိသတ်တွေအားပေးတုန်းမှာ၊ ရုပ်ရှင်ကားတွေအတွက် ကမ်းလှမ်းကြတုန်းမှာ အနုပညာအလုပ်ကို လုပ်လိုက်မယ်။ ဘယ်အချိန်အထိ ကိုယ့်ကိုအားပေးကြမလဲဆိုတာ မသိဘူးလေ။ အချိန်ကာလတစ်ခုရောက်ရင်တော့ ဆရာဝန်ဘဝကို ပြန်သွားမယ်။ ဒီကြားထဲတော့ စာတွေအဆက်မပြတ်အောင် ကြိုးစားရမှာပေါ့နော်။ အသက်ကြီးတဲ့အထိကတော့ ဆရာဝန်တစ်ယောက်အဖြစ်ပဲ ရပ်တည်မယ်လို့ ဆုံးဖြတ်ထားပါတယ်။

မေး New Normal အနေအထားနဲ့ ရုပ်ရှင်ရုံတွေပြန်ပြခဲ့ရင်ရော ပိတောက်ကတဲ့ဂီတ ဇာတ်ကားကတစ်ပတ်ပဲ ပြသရသေးတော့ပြန်ပြစေချင်လား။

ဖြေ ပိုးကတော့စိတ်ရောလူပါနှစ်ပြီးကြိုးစားခဲ့ရတဲ့ဇာတ်ကားက တစ်ပတ်ပဲ ပြသရသေးတော့ ပြန်တင်စေချင်တာပေါ့နော်။ ပြန်တင်ရင်လည်းပရိသတ်တွေ အားပေးဖို့ အရမ်းမျှော်လင့်တာပေါ့။ ကိုယ်ကိုယ်တိုင်လည်း ရုပ်ရှင်ပိတ်ကားပေါ်မှာထပ်မြင်ချင်သေးတယ်။

မေး ပရိသတ်တွေအတွက် နှစ်သစ်ဆုတောင်းစကားလေး ပြောပေးပါဦး။

ဖြေ  ပိုးကိုအားပေးတဲ့ပရိသတ်တွေအားလုံးကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ ၂၀၂၀ တစ်နှစ်တာလုံးမှာ ခက်ခက်ခဲခဲဖြတ်သန်းခဲ့ပြီး အားလုံးက တာဝန်ကျေတယ်လို့ပြောရမှာပါ။ ၂၀၂၁ မှာလည်း ပိုမိုကောင်းမွန်တောက်ပတဲ့၊ အဆိုးတွေအားလုံးထားခဲ့ပြီး ပြည့်စုံတဲ့ ၂၀၂၁ ကိုအတူတူကြိုဆိုကြရအောင်ပါ။ အားလုံးအတွက်အတူတူ ဆုတောင်းပေးနေပါတယ်။


READ NEXT
Cancel OK