
စိတ်ကူးယဉ်သိပ္ပံဇာတ်ကား Matrix ၏ စတုတ္ထမြောက်ဇာတ်ကားတွင် ကီနူးရိဗ်ကဟက်ကာ နီယိုဇာတ်ကောင်အဖြစ် ပြန်လည်ပါဝင်မည်ဟု Warner Bros ရုပ်ရှင်ကုမ္ပဏီက သြဂုတ် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယခင် Matrix ဇာတ်ကားသုံးကားကို ပူးတွဲဖန်တီးခဲ့သည့် Lana Wachowski က Matrix 4 ဇာတ်ကားကို ဒါရိုက်တာအဖြစ် ဦးစီးရိုက်ကူးမည့်အပြင် ဇာတ်ညွှန်းရေးသားမှုတွင်လည်း ပြန်လည်ပါဝင်မည် ဖြစ်သည်။ ယင်းဇာတ်ကားကို လာမည့်နှစ်တွင် စတင်ရိုက်ကူးမည်ဟု Warner Bros ကထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်အချက်အလက်ကို မထုတ်ပြန်ခဲ့ပေ။
ကာရီအန်နီမော့စ်သည်လည်း ယင်းဇာတ်ကားတွင် Trinity ဇာတ်ကောင်အဖြစ် ပြန်လည်ပါဝင်မည်ဟု Warner Bros က အတည်ပြုခဲ့သည်။
“Matrix ဇာတ်ကားသစ်ကို Lana နဲ့အတူ ပြန်လည်ရိုက်ကူးရမှာမို့ ကျွန်တော်တို့ အရမ်းကိုစိတ်လှုပ်ရှားပါတယ်။ Lanaက စိတ်ကူးဉာဏ်ကောင်းတယ်။ တစ်မူထူးခြားပြီး ပင်ကိုယ်တီထွင်ဖန်တီးမှုကောင်းတဲ့ ဒါရိုက်တာတစ်ယောက်ပါ”ဟု Warner Bros ၏ ဥက္ကဋ္ဌ Toby Emmerich က ပြောကြားခဲ့သည်။
Warner Bros သည် Matrix ကမ္ဘာကို ပြန်လည်ဖော်ထုတ်ရန် လွန်ခဲ့သည့်နှစ်နှစ်ကတည်းက ကြိုးပမ်းခဲ့သော်လည်း ထုတ်လုပ်ရေး မူပိုင်ခွင့်နှင့်ပတ်သက်ပြီး ကြန့်ကြာနေသဖြင့် ဇာတ်ကားရိုက်ကူးရန် နှောင့်နှေးခဲ့သည်။
ယခင် Matrix ဇာတ်ကားသုံးကားကို (အမျိုးသမီးများကဲ့သို့ ခွဲစိတ်မပြုပြင်မီ Wachowski ညီအစ်ကိုဟု လူသိများသည့်) Lana နှင့် ၎င်း၏ ညီမလီလီတို့က ရိုက်ကူးခဲ့သည်။
Matrix ဟုခေါ်ဆိုသည် ဖန်တီးထားသည့် အရှိတရားအတွင်း လူသားများပိတ်မိနေသည်ကို နီယိုအမည်ရ ဟက်ကာတစ်ဦးက ရှာဖွေတွေ့ရှိသည့်အကြောင်း ရိုက်ကူးထားသည့် မူရင်း The Matrix ဇာတ်ကားကို ၁၉၉၉ ခုနှစ်တွင် ဖြန့်ချိခဲ့ရာတွင် အလွန်အမင်းအောင် မြင်မှုရရှိခဲ့သည့်အပြင် ၂၀၀၀ ပြည့်နှစ် အော်စကာဆုပေးပွဲတွင် ဆုလေးဆုရရှိခဲ့သည်။
ယင်းဇာတ်ကား၏ နောက်ဆက်တွဲဖြစ်သော The Matrix Reloaded နှင့် The Matrix Revolutions ဇာတ်ကားတို့ကို ၂၀၀၃ ခုနှစ်တွင် ဖြန့်ချိခဲ့သည်။ Matrix ဇာတ်ကားသုံးကားသည် ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှု ဝင်ငွေစုစုပေါင်း ဒေါ်လာ ၁.၆ ဘီလျံကျော် ရရှိခဲ့သည်။ မူရင်းဇာတ်ကား ‘Matrix ဖြန့်ချိသည့် နှစ် ၂၀ ပြည့်အထိမ်းအမှတ်အဖြစ် ယခုလနှောင်းပိုင်းတွင် အမေရိကန်၌ အထူးပွဲများပြသရန် စီစဉ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်