Top News

အာယန်ခန်၏သူငယ်ချင်း ရုပ်ရှင်မင်းသမီး အနန်ညာပန်ဒေကို အိန္ဒိယမူးယစ်တိုက်ဖျက်ရေးအေဂျင်စီက ဆင့်ခေါ်စစ်ဆေး
24htopnews | June 1, 2024 1:12 AM CST

ရှာရွတ်ခန်၏သား အာယန်ခန် ရင်ဆိုင်နေရသည့် မူးယစ်ဆေးမှုနှင့်ဆက်နွှယ်ပြီး အိန္ဒိယမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအေဂျင်စီ NCB က အောက်တိုဘာ ၂၂ ရက်တွင် ဘောလိဝုဒ်မင်းသမီး အနန်ညာပန်ဒေကို ဆင့်ခေါ်ခဲ့သည်။

သို့သော် အာယန်ခန်ဖမ်းဆီးခံရမှုနှင့် ၎င်းကိုဆင့်ခေါ်မှု ပတ်သက်နေသည်ဟု NCB က ထုတ်ဖော်ပြောကြားခြင်းမရှိသည့်အပြင် ပန်ဒေကို မွမ်ဘိုင်းရှိ ၎င်းတို့ရုံးသို့ နှစ်ရက်ဆက်တိုက် မည်သည့်အတွက် ဆင့်ခေါ်သည်ကိုလည်း ရှင်းရှင်းလင်းလင်း မပြောကြားပေ။

ပါတီရှိသည်ဆိုသည့် သတင်းရထားမှုကြောင့် အောက်တိုဘာ ၂ ရက် ညပိုင်းတွင် ရဲတပ်ဖွဲ့က မွမ်ဘိုင်းမှ ဂိုအာသို့သွားရောက်မည့် အပျော်စီးသင်္ဘောတစ်စင်းကို ဝင်စီးရှာဖွေခဲ့ရာ လူအချို့တွင် မူးယစ်ဆေးဝါးများ ရှာတွေ့ခဲ့သည်။ အောက်တိုဘာ ၃ ရက်တွင် အာယန်ခန်ကိုဖမ်းဆီးလိုက်ပြီး နောက်ပိုင်းတွင် NCB က ၎င်းကို မူးယစ်ဆေးလက်ဝယ်ထားမှု၊ သုံးစွဲမှု၊ ရောင်းချမှုတို့ဖြင့် စွဲချက်တင်လိုက်သည်။ အသက် ၂၃ နှစ်အရွယ် အာယန်ခန်ကမူ စွဲချက်များကို ငြင်းဆိုထားသည်။

India Today သတင်းတွင် ဖော်ပြချက်များအရ အာယန်နှင့် အနန်ညာတို့နှစ်ဦးသည် WhatsApp တွင် ဆေးခြောက်အကြောင်း ပြောဆိုထားကြပြီး အာယန်က ၎င်းကိုဆေးခြောက်ရှာခိုင်းခဲ့သည်ဟု ဆိုသည်။

အာယန်ခန်၏ရှေ့နေကမူ အာယန်ဆေးသုံးသည်ဆိုသည့် မည်သည့်သက်သေမှ မရှိ၊ ၎င်းတွင်မည်သည့် မူးယစ်ဆေးမှလည်း မတွေ့ထားဟု ဆိုသည်။ အောက်တိုဘာ ၂၀ ရက်တွင်မူ မွမ်ဘိုင်းတရားရုံးက အာယန်ခန်ကို အာမခံပေးဖို့ကိစ္စ ဒုတိယအကြိမ် ပယ်ချလိုက်သည်။ အောက်တိုဘာ ၈ ရက်တွင် ပထမအကြိမ် ပယ်ချထားသည်။ထို့ကြောင့် အာယန်၏ရှေ့နေများက မွမ်ဘိုင်းတရားရုံးချုပ်သို့တက်ပြီး အယူခံဝင်နိုင်ခြေရှိသည်။ အစပိုင်းတွင် NCB ရုံးတွင်သာ အာယန်ခန်ကို ထိန်းသိမ်းထားပြီး နောက်ပိုင်း၌ ထောင်သို့ပို့ဆောင်ခဲ့သည်။

ဟိန္ဒူရုပ်ရှင်လောကတွင် မူးယစ်ဆေးသုံးမှု ကျယ်ပြန့်နေသည်ဆိုသည့်သတင်းများ ထွက်ပေါ်လာချိန် ဘောလိဝုဒ်သရုပ်ဆောင် အများစုနှင့် ရုပ်သံနယ်ပယ်မှကျော်ကြားသူများသည် မနှစ်ကစတင်ကာ ဆင့်ခေါ်စစ်ဆေးမှုများ ကြုံလာရသည်။

၂၀၂၀ ခုနှစ်တွင် NCB က ဒီပီကာပါဒူကွန် အပါအဝင် ရုပ်ရှင်မင်းသမီးလေးဦးကို ဆင့်ခေါ်ခဲ့သည်။ သို့သော် တစ်ဦးမှ အရေးယူ မခံရပေ။

ဘောလိဝုဒ်ကြယ်ပွင့်မင်းသား ဆူရှန့်ဆင်း သေဆုံးမှုနှင့်ပတ်သက်ပြီးလည်း မနှစ်က စက်တင်ဘာတွင် ဆူရှန့်ဆင်း၏ချစ်သူ မင်းသမီးရီယာချက်ကရာဘာတီကို NCB က ဖမ်းဆီးခဲ့သည်။ ဆူရှန့်ဆင်းကို မူးယစ်ဆေးဝယ်ပေးမှုဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး အဖမ်းခံရပြီးနောက် တစ်လအကြာတွင် ပြန်လွတ်လာခဲ့သည်။

အသက် ၃၄ နှစ်အရွယ် မင်းသားဆူရှန့်ဆင်းကို ဇွန် ၁၄ ရက်က ၎င်းနေအိမ်တွင် သေဆုံးလျက်တွေ့ခဲ့ကြပြီး ထိုအချိန်တွင် ရဲတပ်ဖွဲ့က ဆူရှန့်ဆင်းမိမိကိုယ်ကို အဆုံးစီရင်သွားသည်ဟု ယူဆလိုက်ကြသည်။သို့သော် မင်းသား၏မိသားစုဘက်က ချက်ကရာဘာတီသည် ၎င်းတို့၏သားကို သတ်သေအောင် အားပေးကူညီခဲ့သူဟု လက်ညှိုးထိုးစွပ်စွဲခဲ့ကြသည်။


READ NEXT
Cancel OK