Top News

ဒါရိုက်တာခန့်မာန်ထည်နှင့် တွေ့ဆုံခြင်း
24htopnews | March 30, 2024 12:12 PM CST

ဇူလိုင် ၁၈ ရက်ကစပြီး မြန်မာနိုင်ငံတစ်ဝန်းက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြတော့မယ့် “ကြိမ်နှုန်း” ဇာတ်ကားဟာ အွန်လိုင်းမှာ နမူနာတင်စဉ်ကတည်းက ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုတွေ များပြားခဲ့တာပါဖြစ်ပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးဖန်တီးသူ ဒါရိုက်တာခန့်မာန်ထည်က လူငယ်အနုပညာရှင်အသစ်တစ်ဦးဖြစ်သလို ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်တဲ့ SY Film ကလည်း အသစ်ပါ။ အနုပညာရှင်အသစ်များစွာ ပါဝင်ထားတဲ့ “ကြိမ်နှုန်း” ဇာတ်ကားနဲ့ ပတ်သက်ပြီး အဓိကဖန်တီးသူတစ်ဦးဖြစ်တဲ့ ဒါရိုက်တာခန့်မာန်ထည်နဲ့ တွေ့ဆုံခိုက် ဇာတ်ကားရဲ့နောက်ကွယ်က ကြိုးစားမှုတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - Frequency (ကြိမ်နှုန်း) ဇာတ်ကားကို စတင်ဖန်တီးဖြစ်ခဲ့ပုံလေး အရင်ပြောပြပေးပါ။

ဖြေ - ကျွန်တော်ပြင်ဦးလွင်ကို အလုပ်ကိစ္စတစ်ခုနဲ့သွားတဲ့အခါ ရွှေစံအိမ်မှာ တည်းခဲ့တယ်။ အဲဒီရဲ့အနောက်ဘက် ကုန်းထိပ်မှာ ဒီ Governor’s House က ထည်းထီးကြီးရှိနေတဲ့အခါ အဲဒီအိမ်ကိုဝင်လည်ရင်းနဲ့ ခံစားမှုတစ်ခုရခဲ့တယ်။ အဲဒီခံစားမှုကို အရင်ကတည်းက ကျွန်တော့်ဆီမှာရှိပြီးသား ဇာတ်လမ်းအပိုင်းအစလေးတစ်ခုလည်းရှိတော့ အဲဒီနှစ်ခုကိုပေါင်းစပ်ပြီး ဒီဇာတ်လမ်းကို စတည်ဖြစ်ခဲ့တာပါ။

မေး - Frequency (ကြိမ်နှုန်း) ဇာတ်ကားရိုက်ကူးဖို့အတွက် ဘယ်လိုတွေပြင်ဆင်ခဲ့ရလဲ။

ဖြေ - ကျွန်တော့်အနေနဲ့ ဒီဇာတ်ကားမရိုက်ခင်မှာ အချိန်လေးနှစ်လောက်အထိ ပြင်ဆင်မှုတွေလုပ်ခဲ့ရတယ်။ ကိုယ်တိုင်က စီးပွားရေးလုပ်ငန်းတွေလုပ် နေရင်းကနေမှ ကိုယ်နဲ့အစိမ်းသက်သက်ဖြစ်နေတဲ့ ဒီအနုပညာအလုပ်တွေ လုပ်တော့မယ်ဆိုတဲ့အခါ ကိုယ်တိုင်သိနားလည်ဖို့အတွက် အများကြီးလေ့လာခဲ့ရတယ်။ ဇာတ်လမ်း၊ ဇာတ်ညွှန်းပိုင်းမှာလည်း တတ်သိနားလည်တဲ့ သူတွေနဲ့ သေချာတိုင်ပင်ပြီး ပြင်ဆင်ခဲ့သလို Directing ပိုင်းအပြင် ဇာတ်ကားရိုက်ကူး ဖန်တီးထုတ်လုပ်မှုပိုင်းတွေမှာလည်း Workshop တွေကို နိုင်ငံတကာမှာလည်း လိုက်တတ်ဖြစ်တယ်။ စာအုပ်တွေဖတ်ပြီး လေ့လာတယ်။ အဲဒီလိုအများကြီးလေ့လာ ပြင်ဆင်မှုတွေလုပ်ပြီးမှ ရိုက်ကူးခဲ့တာပါ။

မေး - ကိုယ်တိုင်က ထုတ်လုပ်သူအဖြစ်ရော ဒါရိုက်တာအဖြစ် စတင်ဖန်တီးထုတ်လုပ်တဲ့ ဇာတ်ကားမှာ Horror ဇာတ်ကားကို ရွေးချယ်ဖြစ်ခဲ့တာက။

ဖြေ - ကျွန်တော်ကိုယ်တိုင်က Horror Theme ကိုကြိုက်တယ်။ နောက်ပြီးတော့ တွေးခေါ်မှုပိုင်းဆိုင်ရာပါတဲ့ ဇာတ်ကားတွေကိုလည်း စိတ်ဝင်စားတယ်။ ဖန်တီးချင်တယ်။ အဲဒီအတွက်ပါ။

မေး - ဇာတ်ကားရိုက်ကူးချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲဆိုရင်။

ဖြေ - ကျွန်တော့်အတွက် ဇာတ်ကားစပြီးရိုက်ကူးချိန်မှာ ကဏ္ဍအလိုက် အခက်အခဲတွေကတော့ အများကြီးပါပဲ။ စိန်ခေါ်မှုတွေလည်း အများကြီးပါပဲ။ ဒါပေမဲ့လည်း အဲဒီအခက်အခဲတွေကို ကျွန်တော့်ရဲ့ Crew တွေရဲ့ ပူးပေါင်းပံ့ပိုးပေးမှုတွေနဲ့အတူ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားရိုက်ကူးရေးမှာဆိုရင်တော့ Single Shhoot တွေ အများကြီးသုံးပြီး ရိုက်ကူးထားတယ်။ ရိုက်ကူးချိန်မှာလည်း မှောင်တဲ့အချိန်အထိ စောင့်ပြီးတော့မှ Governor’s House တစ်အိမ်လုံးကို ကျွန်တော်တို့လိုချင်တဲ့ပုံစံမျိုး Lighting မျိုးဖြစ်အောင် ခက်ခက်ခဲခဲနဲ့ မီးတွေပြန်ပြီးဆင်ရတယ်။ ဇာတ်ကားရိုက်ကူးချိန်တစ်လျှောက်လုံးမှာ SY က Crew တွေရော၊ အိန္ဒိယက Crew တွေရော၊ CGI သမားတွေရောအားလုံးက ဇာတ်ကားကောင်းဖို့အတွက် ၀ိုင်းဝန်းပံ့ပိုးပေးကြတယ်။ ပါဝင်ပေးကြတဲ့မခိုင်ကြီး(ထွန်းအိန္ဒြာဗိုလ်)နဲ့ မအူဝဲ(အိန္ဒြာကျော်ဇင်)တို့ကလည်း ဒီဇာတ်ကားအပေါ်မှာ တကယ်ကိုစိတ်နှစ်ပြီး ကြိုးစားပေးခဲ့ကြပါတယ်။ အဲဒီအတွက်လည်း အားလုံးကိုကျေးဇူးတင်ပါတယ်။

မေး - ကိုယ့်ရဲ့ပထမဆုံးဇာတ်ကားမှာ တကယ့်နာမည်ကြီး အနုပညာရှင်တွေနဲ့ ရိုက်ကူးခဲ့ရတဲ့ အတွေ့အကြုံကိုလည်း ပြောပြပေးပါဦး

ဖြေ - မရိုက်ကူးခင်မှာကတည်းက ဇာတ်လမ်း၊ ဇာတ်ညွှန်းကိုပြတယ်။ ရိုက်ကူးမယ့်ပုံစံတွေကအစ သေချာညှိနှိုင်း တိုင်ပင်ဖြစ်ခဲ့တယ်။ အဲဒီအပေါ်မှာ သူတို့ဘက်က ယုံကြည်ပေးသလို ဇာတ်ကားမှာဝင်ကြတဲ့ သရုပ်ဆောင်အသစ်တွေကို လက်တွဲခေါ်ချင်တဲ့အတွက် ပါဝင်ပေးခဲ့ကြတာပါ။ ရိုက်ကူးရေးတွေ အစပိုင်းတော့ ကျွန်တော့်အနေနဲ့ စိမ်းတာပေါ့။ ဒါပေမဲ့ သူတို့တွေက သူတို့ပါဝင်ရမယ့် လုပ်ဆောင်ပေးရမယ့်အပိုင်းတွေနဲ့ ပတ်သက်ပြီး စိတ်အားထက်သန်စွာနဲ့ ပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့အတွက် ကျွန်တော့်အတွက် အခက်အခဲဆိုတာ နည်းခဲ့ပါတယ်။

မေး - Frequency (ကြိမ်နှုန်း) ဇာတ်ကားမှာ သရုပ်ဆောင်အသစ် အများအပြား ထည့်သွင်းရိုက်ကူးဖြစ်ခဲ့တာက ဘာကြောင့်လဲ။

ဖြေ - ကျွန်တော်တို့ SY ထုတ်လုပ်ရေးအနေနဲ့ ရုပ်ရှင် Industry ကြီး တစ်ခုရဲ့ တစ်ထောင့်တစ်နေရာကနေပြီး ကူညီပံ့ပိုးမှုတစ်ခု လုပ်ဆောင်ချင်တဲ့အတွက် အသစ်တွေနဲ့ လက်တွဲဖြစ်ခဲ့တာပါ။

မေး - Frequency (ကြိမ်နှုန်း) ဇာတ်ကားမှာ Crew ပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုတွေ အားဖြည့်ထားလဲဆိုတာလည်း ပြောပြပေးပါဦး။

ဖြေ - ဒီဇာတ်ကားရဲ့ DOP နဲ့ Lighting ပိုင်းမှာ အိန္ဒိယ၊ CGI ကဏ္ဍမှာ မလေးရှားနဲ့ အသံပိုင်းဆိုင်ရာတွေမှာ သြစတြေးလျနိုင်ငံတွေက Crew တွေ ပညာရှင်တွေပ ါဝင်ပေးထားပါတယ်။ ဒါက ကျွန်တော်တို့အနေနဲ့ ဇာတ်ကားကောင်းဖို့အတွက်ပဲ အဓိကရည်ရွယ်ခဲ့တာပါ။

မေး - Horror ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာရှိရင်။

ဖြေ - ဒီဇာတ်ကားကို အခြား Horror ဇာတ်ကားတွေထဲကနေ ပုံစံတစ်မျိုးကွဲထွက်နေအောင် ရိုက်ကူးထားပါတယ်။ နောက်ပြီး ဒါရိုက်တာအနေနဲ့ရော ထုတ်လုပ်သူတစ်ယောက်အနေနဲ့ပါ ကျွန်တော်အပါအဝင် Crew တွေ၊ ပါဝင်သူအားလုံးက ရိုက်ကူးစဉ်ကတည်းက ဒီဇာတ်ကား ကောင်းဖို့အတွက်ကိုပဲ စိတ်ရောလူရောအားထည့်ပြီး ကြိုးစားခဲ့ကြတာပါ။ ပရိသတ်တွေလည်း ဒီဇာတ်ကားရုံတင်ချိန်မှာ ကြည့်ရှုပြီး ဝေဖန်အကြံပေးပါ။ အသစ်တွေဖြစ်လို့ အမှားရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးပါ။ နောက်ထပ်လည်း ဒီထက်ကောင်းတဲ့ ဇာတ်ကားတွေ ဆက်ပြီးရိုက်ကူးသွားပါမယ်။

မေး - SY ထုတ်လုပ်ရေးအနေနဲ့ နောက်ထပ်ရိုက်ကူးမယ့် ဇာတ်ကားအကြောင်းလေးတွေကိုလည်း မိတ်ဆက်ပေးပါဦး။

ဖြေ - ကြိမ်နှုန်းဇာတ်ကားမှာ No Beginning No End လို့ ပေးထားတယ်။ အဲဒါက ရည်ရွယ်ချက်ရှိပါတယ်။ ဒီဇာတ်ကားက အစလည်းမဟုတ်သလို အဆုံးလည်း မလာသေးပါဘူး။ ဒီဇာတ်ကားက Frequency ကြိမ်နှုန်း ဇာတ်လမ်းတစ်ခုလုံးရဲ့ အလယ်ပိုင်းလောက်ကို မိတ်ဆက်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ နောက်ထပ် အစပိုင်းရော အဆုံးသတ်တွေရာ သီးသန့်ထပ်ရှိနေဦးမှာပါ။ ကျွန်တော်တို့ SY ထုတ်လုပ်ရေးအနေနဲ့ Frequency ဇာတ်ကားကို စီးရီးတစ်ခုလို လုပ်ထားပါတယ်။ နောက်ထပ်လည်း Frequency ထဲက Chapter တစ်ခုကို ဆက်ပြီးရိုက်ကူးပါတယ်။ အခြားဒါရိုက်တာတွေနဲ့ ရိုက်ကူးမယ့် ဇာတ်ကားတွေလည်း စီစဉ်ထားတာရှိပါတယ်။                                     


READ NEXT
Cancel OK