Top News

Acid ဂီတအဖွဲ့၏ ဂီတဖျော်ဖြေပွဲတစ်ပွဲ မကြာမီပြုလုပ်ရန် စီစဉ်ထား
24htopnews | March 30, 2024 12:12 PM CST

၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် စတင်ထွက်ရှိလာခဲ့ပြီး ဟစ်ဟော့ပ်ရေစီးကြောင်း၏ အစပြုသည့် ဂီတအဖွဲ့တစ်ဖွဲ့အဖြစ် ပရိသတ်အားပေးမှုများ ရရှိစေခဲ့သည့် Acid ဂီတအဖွဲ့သည် ဂီတဖျော်ဖြေပွဲတစ်ပွဲအား မကြာမီကျင်းပသွားရန်စီစဉ် ထားကြောင်းသိရသည်။ Acid ဂီတအဖွဲ့တွင် လက်ရှိ၌ တေးသံရှင် အနဂ္ဂ၊ ရန်ရန်ချန်း၊ ဇေယျာသော်တို့ ပါဝင်ကာ ဂီတစင်မြင့်ထက်တွင် တွဲဖက်ဖျော်ဖြေခြင်း နည်းပါးလျက်ရှိသော်လည်း အမှတ်တရအဖြစ် ဖျော်ဖြေပွဲတစ်ပွဲကျင်းပရန် စီစဉ်နေခြင်း ဖြစ်သည်။

“Acid အဖွဲ့က အခုနှစ်မှာ ဖွဲ့စည်းခဲ့တာ ၁၉ နှစ်ရှိပါပြီ။ ကျွန်တော်တို့ ဒီဂီတကို ရူးသွပ်ပြီး လုပ်ခဲ့ကြတာ ၁၉ နှစ် ရှိလာပြီပေါ့။ ပြန်တွေးကြည့်ရင်တော့ သိပ်မကြာသလိုပါပဲ။ အခုထိလည်း ဂီတအပေါ်ထားတဲ့ ရူးသွပ်ခုံမင်မှုက မပြောင်းလဲပါဘူး။ အခုလည်း Acid အဖွဲ့ရဲ့ အမှတ်တရပွဲတစ်ပွဲကို မကြာမီ ကျင်းပသွားဖို့ အစီအစဉ်ရှိပါတယ်။ အမိုက်စားနေရာတစ်ခုမှာ လုပ်မယ်။ နေရာအကန့်အသတ်ရှိတာကြောင့် ပရိသတ်လည်း အကန့်အသတ် ရှိပါတယ်။ ပွဲလုပ်မယ့်နေရာတွေ၊ ရက်တွေအားလုံး သေချာသတ်မှတ်ပြီးရင် ကြေညာပေးသွားပါမယ်။ အားလုံးလည်းဝိုင်းဝန်းအားပေးပါလို့ တောင်းဆိုချင်ပါတယ်။ Acid မှာတော့ အခုလက်ရှိက ကျွန်တော်ရယ်၊ အနဂ္ဂရယ်၊ ဇေယျာသော်ရယ်ပေါ့။ သုံးယောက်လုံးပေါင်းပြီး တစ်ပွဲလုပ်ဖြစ်ဖို့က ရှားပါးတယ်။ ဒီပွဲလေးကို အမိုက်စားလုပ်သွားမှာပါ။ ပရိသတ်တွေအတွက် အမှတ်တရပွဲတစ်ပွဲဖြစ်စေရပါမယ်” ဟု တေးသံရှင် ရန်ရန်ချန်းက ဆိုသည်။

Acid အဖွဲ့သည် တေးသံရှင် အနဂ္ဂ၊ ဇေယျာသော်၊ ရန်ရန်ချန်းနှင့် ဟိန်းဇော်တို့ လေးဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် စတင်ခြင်းအမည်ဖြင့် တေးအယ်လ်ဘမ်အား စတင်ဖြန့်ချိခဲ့သည်။ ယင်းတေးအယ်လ်ဘမ်တွင် လူငယ်များကြားတွင် ပျံ့နှံ့ခဲ့ပြီးနောက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပရိသတ်အားပေးခဲ့သည်။ Acid အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဟိန်းဇော်မှာ ကွယ်လွန်သွားပြီဖြစ်ကာ လက်ရှိတွင် အဖွဲ့ဝင်သုံးဦးသာ ကျန်ရစ်တော့ကြောင်း သိရသည်။


READ NEXT
Cancel OK